မြိတ်ခရိုင်မှာ မီတာခတွေ တစ်လထက်တစ်လ ဈေးတွေမြင့်တက်လာ

ဇွန်လ ၁၃ရက်နေ့၊ ၂၀၂၄ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှာ လျှပ်စစ်မီတာခတွေ တစ်လထက်တစ်လ ဈေးတွေဆက်တိုက် မြင့်တက်လာတယ်လို့ မြိတ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

မြိတ်ခရိုင်ကို Petro & Trans ကုမ္ပဏီက လျှပ်စစ်ဖြန့်ဝေနေတာဖြစ်ပြီး ဒီဇယ်သုံးမီးစက်နဲ့ မီးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလမှာ မီတာတစ်ယူနစ်ကို ၁၂၃၀ ကျပ်‌ေပးရပြီး မေလမှာ တော့ ၁၂၄၅ ကျပ်နဲ့ ၁၅ကျပ်တိုးပြီး ဝယ်ယူသုံးစွဲနေရတယ်လို့ မြိတ်ဒေသခံတစ်ဦးက ဆိုပါတယ်။

“ တစ်လထက်တစ်လ ဈေးတွေကတက်လာတော့ ချွေတာသုံးနေရတယ်။ ဇွန်လကို ဘယ်လောက်ထိ ထက်တက်အုံးမလဲမသိသေးဘူးနဂိုကတည်းက မြိတ်မှာ မီတာခက ဈေးကြီးတယ်လေ။ ဒီနှစ်တွေထဲမှာ အရင်ထက် အဆအများကြီး ဈေးတက်လာတော့ အခက်အခဲတွေကတော့ အမျိုးမျိုးပါဘဲ” လို့သူက အခုလိုပြောပါတယ်။

အခုလို မီဝာာခတွေ ဈေးမြင့်တက်လာတာအပြင် စားသောက်ကုန်နဲ့ လူသုံးကုန်တွေပါ ဈေးမြင့်တက်နေတာကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ် ။

မြိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း မီတာခဈေးမြင့်တက်လာတဲ့အပေါ် ထုတ်ကုန်တွေကို ဈေးတင်ရောင်းတာမျိုးတွေရှိလာတယ်လို့ မြိတ်မြို့က အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာမသိမ်းခင်က မြိတ်မြို့မှာ လျှပ်စစ်မီတာတစ်ယူနစ်ကို ၂၉၂ကျပ်နဲ့ ဝယ်ယူသုံးစွဲရတာဖြစ်ပြီး အာဏာသိမ်ပြီးနောက်မှာတော့ စက်သုံးဆီ ဈေးတွေ မြင့်တက်လာတာကြောင့် မီတာခတွေကို တိုးမြှင့်ကောက်ခံရတာဖြစ်တယ်လို့ Petro & Trans ကုမ္ပဏီဘက်က ပြောဆိုဖူးပါတယ်။

ထားဝယ်ခရိုင်မှာလည်း Petro & Trans ကုမ္ပဏီက သဘာဝဓာတ်ငွေ့သုံး မီးစက်နဲ့ လျှပ်စစ်ကို ဖြန့်ဖြူးပေးနေတာဖြစ်ပြီး မီတာတစ်ယူနစ်ကို ၄၄၀ကျပ်နဲ့ ဝယ်ယူသုံးစွဲနေရပြီး လျှပ်စစ်မီးပုံမှန်မရတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ထားဝယ်မြို့ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

သတင်း− နော်အယ်နီး
ပုံ− မြိတ်မြို့
People’s Radio Myanmar