
ဇွန်လ ၃ရက် ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီးတစ်ဝိုက်က ကျေးရွာတွေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေ ထိတ်လန့်နေကြတယ်လို သိရပါတယ်။
မေလကုန်ပိုင်းလောက်ကစပြီး ကျုံဒိုးမြို့အနီးကျေးရွာတွေဖြစ်တဲ့ ချောင်းဖျား၊နဘူး၊ မြပတိုင်နဲ့ ရင်ခွဲတောင်ကျေးရွာတွေဘက်ကို စစ်တပ်က ညအချိန်မတော် စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်ပြုလုပ်လာလို တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမှာကို ထိတ်လန့်နေကြရတယ်လို့ ရင်ခွဲတောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။
“ သူတိုက ည၁၀ နာရီကျော်လောက် ရွာထဲကလူတွေ အိပ်ချိန်လောက်မှ ရွာထဲကိုဝင်လာကြတာ၊ အခုတလော ရွာနားမှာက တိုက်ပွဲမဖြစ်ဘူး၊ အခုသူတိုလာကြတယ်ဆိုတော့ တိုက်ပွဲဖြစ်မှာကို ကြောက်နေတာ၊ ထပ်မပြေးနိုင်တော့ဘူး၊” လို့ သူကပြောပါတယ်။
စစ်တပ်က အခုလို စစ်ကြောင်းထိုးတာတွေအပြင် ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ၅၄၆ တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ကျုံဒိုးမြိုဒေသခံတစ်ဦးက ပြောပါတယ်။
“ လက်နက်ကြီးက တစ်ချိန်လုံးမပစ်ဘူး၊ တစ်ရက်ကို အနည်းဆုံး ၄လုံးလောက်ပစ်တာတော့ကြားရတယ်၊ ပုံမှန်လိုဖြစ်နေပြီး၊” လို့သူကပြောပါတယ်။
ဒါ့အပြင် ကျုံဒိုးမြိုအနီးတစ်ဝိုက်ရှိ ကျေးရွာတွေဘက်မှာ ကော့ကရိတ်မြို့ထဲကို ပြန်မဝင်ရဲသေးတဲ့ စစ်ဘေးရှောင်တွေရှိနေသလို စစ်ဘေးရှောင်ရတဲ့ အချိန်ကြာမြင့်လာတာကြောင့် နေထိုင်ရေးနဲ့ စားသောက်ရေးအခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာလည်း ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ သံတောင်နဲ့ ဖာပွန်မြိုတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ပုံစာ။ ဇန်နဝါရီလ ၂၀ ရက်နေ့က ကျုံဒိုးမြို့မှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပုံ
Phar Si Than(People’s Radio Myanmar)