
မေလ ၂၉ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၄) ရပ်ကွက်၊ တောင်ပေါ်ကျောင်းအနီးမှာ အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိတာကြောင့် ခြေထောက်ဖြတ်လိုက်ရတယ်လို ဒေသခံတွေဆီက သိရပါတယ်။
မေလ ၂၈ရက်နေ့ မနက် ၁၀ နာရီလောက်မှာ အသက် ၄၀ ကျော်အရွယ် ဒေါ်ထွေးညိုဆိုသူဟာ နေအိမ်ရှေ့မှာ အဝတ်လှန်းနေချိန် မြေမြှပ်မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ဖြတ်လိုက်ရပြီး လက်ရှိအချိန်မှာတော့ ဘားအံဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို ကော့ကရိတ်မြို ဒေသခံတစ်ဦးက ပြောပါတယ်။
“ ခြေထောက်ကတော့ တစ်ဖတ်တော့ ဖြတ်လိုက်ပြီး၊ ပေါင်ရင်းအထိ၊ ကျန်တဲ့ တစ်ဖက်ကတော့ ကုသလိုရတယ်၊ ဖြတ်စရာမလိုဘူး၊ တစ်ဖတ်ကတော့ ဖြတ်ပြီးသွားပြီးပေါ့၊” လို့ သူကပြောပါတယ်။
အခုလို မြေမြှပ်မိုင်းပေါက်ကွဲတာနဲ့ ပတ်သတ်ပြီး စစ်ကောင်စီတပ်ထောက်ခံတဲ့ သတင်းဌာနတွေက KNU၊PDF တွေထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့တာဖြစ်တယ်လို ဝါဒဖြန့်တာတွေကို လုပ်ဆောင်နေပေမဲ့ ကျွန်တော်တို People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
အဆိုပါ မြေမြှပ်မိုင်းပေါက်ကွဲခဲ့တဲ့ နေရာဟာ ကော့ကရိတ်မြိုမှာ ၅ လနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကာလအတွင်း စစ်ကောင်စီတပ် တပ်စွဲခဲ့တဲ့နေရာဖြစ်ပြီး အခုလို မြေမြှပ်မိုင်းေတွ ထပ်မံနင်းမိမှာကို ကြောက်လန့်နေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ အဲ့ဒီအရှေဘက်လမ်းက ကော့ကရိတ်အထက်ရွာမှာအရင်ဆုံးမီးလောင်တဲ့နေရာပေါ့၊ တောင်ပေါ်ကျောင်းမှာက စကစတွေ တပ်စွဲခဲ့တဲ့နေရာ၊ မြို့ထဲကို ဒေသခံတွေဝင်လာပြီး ကလေးတွေပါလာတော့ အဲ့လိုမျိုး ထပ်ဖြစ်မှာကြောက်နေရတယ်၊” လို့ သူကပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA၊PDF ပူးပေါင်းတပ်ဖွဲတွေကြား ၅လနီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့ကာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ထဲ ပြန်လည်ဝင်ရောက်နေထိုင်ဖို ခေါ်ယူခဲ့ပေမဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲတွေကတော့ ကော့ကရိတ်မြို့မှာ ပြန်လည်ဝင်ရောက်နေထိုင်တာမျိုးမပြုလုပ်ဖို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာလည်း ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပေါ်နေသလို ခလရ ၉၇ နေလည်း လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတယ်လို ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ပုံစာ။ မေလ ၂၈ရက်နေ့က မြေမြှပ်မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရတဲ့ အမျိုးသမီး
Phar Si Than(People’s Radio Myanmar)