
မေလ ၂၄ရက် ၂၀၂၄
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ခံပြည်သူတွေကို စစ်ကောင်စီတပ်က မြို့တွင်းပြန်လည် နေထိုင်ခွင့်ပြုပေမဲ့လည်း နေအိမ်ဆောက်လုပ်ခွင့်မပြုသေးဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဧပြီလ ၂၆ရက်နေ့မှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့မှာပြန်လည်နေထိုင်လို့ရေကြာင်းကြေညာခဲ့တာဖြစ်ပြီး အခုလက်ရှိအချိန်အထိ မီးလောင်ခဲ့တဲ့နေအိမ်ကအိမ်ပိုင်းရှင်တွေကို ယာယီတဲထိုးပြီးသာနေထိုင်ခွင့်ပြုတာဖြစ်သလို စစ်တပ်လက်အောက်ခံစည်ပင်ဝန်ထမ်းတွေကနေအိမ်ဆောက် လုပ်ခွင့်မပေးဘူးလို့မြို့ခံတစ်ဦးကပြောပါတယ်။
“တရားနာတယ် မီးတိုင်ထောင်တယ် ဘာမှဖြစ်မလာသေးဘူး တချို့တတ်နိုင်လို့အိမ်ပြန်ဆောက်ချင်တာ တောင် စည်ပင်ကခွင့်မပြုဘူး ယာယီတဲတော့ရတယ်ပြင်ထောင်အိမ်၊တိုက်အိမ်တွေဆိုခွင့်ပြုချက်မရဘူး အိမ်ဆောက်ရင်လည်းအလှူရှင်တွေကစုပေါင်းလုပ်ပေရင်တောင် သူတို့(စစ်တပ်)အတွက် မပေးနိုင်ရင်ခွင့်ပြုချက်နဲ့ကိုင်ပေါက်မှာ လောလောဆယ်တော့ဘာမှဖြစ်မလာနိုင်သေးဘူး”လို့သူပြောပါတယ်။
ဒါ့အပြင်မေလ ၁၆ရက်နေ့လောက်ကနေစပြီး ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေထဲမှ အနည်းစုသာပြန်လည်နေထိုင်သေးတယ်လို့ နောက်ထပ်ဒေသခံအမျိုသားတစ်ဦးကဆိုပါတယ်။
“ကျောင်းအပ်စပြီးလက်ခံတော့မယ်ကြားတယ် အစိုးရရုံးတွေတော့ပြန်ဖွင့်နေပြီ ဘဏ်၊ထွေအုပ်၊စည်ပင်၊စိုက်ပျိုးရေးအစုံပဲ အခုဆိုဈေးကပြန်စည်လာပြီးအရင်ကလောက်မဟုတ်ပေမဲ့ မီးလောင်သွားတဲ့အိမ်တွေကပြန်နေကြတာနည်းတယ် တချို့ကျတော့ယာယီတဲဆောက်နေကြတယ်”လို့ဆိုပါတယ်။
ကော့ကရိတ်မြို့မှာပြန်လည်နေထိုင်လို့ရပြီလို့ စစ်တပ်ကကြေငြာပြီးနောက်ပိုင်းမှာလည်းမြို့တွင်းပြန်လည်နေထိုင်ခြင်းမရှိသေးတဲ့အိမ်၊ခြံ၊မြေတွေကို ပြန်လည်သိမ်းဆည်းသွားမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေလိုက်လံပြောဆိုမှုတွေလည်းရှိခဲ့ပါသေးတယ်။
ကော့ကရိတ်ခရိုင်အတွင်းမှာလည်းအခုချိန်ထိစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့်နေ့တိုင်းနီးပါးတိုက်ပွဲဆက်လက်ဖြစ်ပွားနေသလိုနှစ်ဖက်ထိခိုက်ဒဏ်ရာရတာ၊သေဆုံးတာတွေလည်းဆက်ရှိနေတယ်လို့ KNLAသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-လူမှုကွန်ယက်
Phar Si Than(People’s Radio Myanmar)