ကျုံအိတ်တံတားမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို ကျေးရွာ ၈ ရွာကဒေသခံ ၁၀၀၀ ဝန်းကျင်ထွက်‌ေပြးတိမ်းရှောင်နေရ

မေလ ၂၂ရက် ၂၀၂၄ ခုနှစ်

မွန်ပြည်နယ်၊ သထုံမြိုနဲ့ ဘီးလင်းမြိုကို ဆက်သွယ်ထားတဲ့ မော်လမြိုင်-ရန်ကုန် ကားလမ်းမရှိ ကျုံအိတ်တံတား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ရွှေရောင်ပြကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံ ၁၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်-ရန်ကုန်လမ်းမပေါ်ရှိ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် တံတားပျက်စီးပြီး ကားလမ်းပိတ်ဆိုတာတွေ ဖြစ်ပွားခဲ့ပါတယ်။

အခုလို တံတားမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ဘီးလင်းမြိုအခြေစိုက် အမတ ၃၁၄ တပ်ရင်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာကြောင့် ရွှေရောင်ပြ၊အဝန်းကြီးနဲ့ ကျုံအိတ်အစရှိတဲ့‌ကျေးရွာက ပြည်သူတွေဟာ နောင်ကုလား၊ အလံတစ်ရာ၊ ကျိုက်ကော်နဲ့ မိုးကောင်းရွာဘက်တွေက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေရတယ်လို ကျိုက်ကော်ရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ တံတားကျိုးပြီးနောက်ပိုင်းချနေကြတာဘဲ၊ တစ်ချိန်လုံးတော့မဟုတ်ဘူး၊ လက်နက်ကြီးသံကတော့ နေ့တိုင်းကြားရတာ၊ ရွှေရောင်ပြကလူတွေကပြေးကြတယ်၊ လက်နက်ကြီးက ရွာထဲတွေကော ရွာနားကောကျတော့ မနေရဲကြတော့ဘူး၊” လို သူကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကလည်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် အဝန်းကြီးကျေးရွာက ဒေသခံ ၂ဦးသေဆုံးခဲ့သလို ရွှေရောင်ပြ၊ အဝန်းကြီးနဲ့ ကျုံအိတ်ရွာက ဒေသခံ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

လက်ရှိအချိန် သထုံနဲ့ ဘီးလင်းမြိုနယ်ဘက်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူထိခိုက်ဒဏ်ရာရရှိတာတွေ များပြားလာတယ်လို သူကဆက်ပြောပါတယ်။

“ အခုတလောကတော့ တိုက်ပွဲမရှိဘူး၊ လက်နက်ကြီးပစ်တာတွေပဲရှိတယ်၊ လက်နက်ကြီးပစ်တော့ ရွာထဲတွေကျတယ်၊ လူထိတယ်၊ အိမ်ပျက်စီးတယ်၊ ဒါတွေဘဲနေ့တိုင်းဖြစ်နေတာ၊” လို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့ကလည်း သထုံမြိုအခြေစိုက် ခမရ ၉ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထုံးဘိုလေးနဲ့ သုံးအိမ်စုရွာတွေက ဒေသခံနေအိမ် ၃ လုံးပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ပုံစာ-မေလ ၁၈ရက်နေ့က စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သုံးအိမ်စုရွာက ဒေသခံထိခိုက်ဒဏ်ရာရခဲ့ပုံ
Phar Si Than(People’s Radio Myanmar)