ဒေါနတောင်ဘက်ကို အင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၆ဦးသေဆုံး

မေလ ၁၇ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်အတွင်းရှိ ဒေါနတောင်ကို အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA၊PDFပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားထိခိုက်သေဆုံးသူတွေရှိတယ်လို့  ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မေလ ၁၆ရက်နေ့မှာ  တပ်မ(၅၅)ကိုဖောကား၂စီး အင်အား(၆၀) ဝန်းကျင်လောက်နဲ့  ဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်မ(၇၇)ကို KNLAပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ဦးခန့်သေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ အင်အားက ၆၀၊၇၀လောက်ထပ်ဖြည့်လာတာပေါ့ သူတို့ဘက်က၆ဦးလောက်ကျပြီးတော့ ဒဏ်ရာရသူအရေအတွက်များတယ် မနေ့ကတော့လေကြောင်းတိုက်ခိုက်မှုတွေရှိပေမဲ့ ကျွန်တော်တို့ဘက်ကို‌ေတာ့မဟုတ်ပါဘူး”လို့သူကပြောပါတယ်။

ဒါ့အပြင် သာမညကျေးရွာနဲ့ သာယာကုန်းကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ကော့ကရိတ်မြို့ခံတွေကို အုပ်ချုပ်ရေးမှူးတွေကကော့ကရိတ်မြို့မှာ ပြန်လည်နေထိုင်ဖို့ပြောကြားနေတာကြောင့် အများစုမှာကော့ကရိတ်တွင်းပြန်လည်နေထိုင်ကြပြီးဖြစ်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ကော့ကရိတ်မှာတော့လူကတော့တော်တော်များနေပြီးအခုနေတဲ့နေရာမှာလည်း ကျောင်းတွေဖွင့်ရင်အားလုံးကိုပြန်ခိုင်းမယ်ပြောနေတယ် သာယာကုန်းတို့သာမညတို့ဘက်ကတော့ ပြန်ခိုင်းကုန်ပြီးအားလုံးကို”လို့ဆိုပါတယ်။

မေလ၉ရက်နေ့တုန်းကလည်း မြဝတီမြို့ကိုစစ်ကူလာတဲ့ အောင်ဇေယျစစ်ဆင်ရေးမှာပါဝင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNLAပူးပေါင်းတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက်ခဲ့ရာဖောကား၂စီးပျက်စီးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLAပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ဒါ့အပြင်အောင်ဇေယျစစ်ဆင်ရေးမှာပါဝင်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့KNLAပူးပေါင်းတပ်ဖွဲ့တွေမှာနေ့တိုင်းနီးပါးတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီစစ်တပ်ဘက်မှ ဒေါနတောင်ကြောမှာရှေ့ဆက်မတိုးနိုင်ပဲ ရှိနေတာလည်းဖြစ်ပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-ကျားဖြူစစ်ကြောင်း

Phar Si Than (People’s Radio Myanmar)