
ဧပြီလ ၂၈ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ငါးတိုင်ကျေးရွာနဲ့ ရေပူကျေးရွာဘက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးနဲ့လဲ နေ့တိုင်းနီးပါးပစ်ခတ်မှု ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းလောက်ကလဲ ကျုံဒိုးအခြေစိုက် ခလရ (၅၄၅)၊( ၅၄၆) တပ် ကနေ ငါးတိုင်ကျေးရွာနဲ့ ရေပူကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ငါးတိုင်ကျေးရွာဓမ္မာရုံနဲ့ ရေပူကျေးရွာက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ ပစ်လိုက်နားလိုက်နဲ့ တစ်ညလုံးပစ်တာ၊ နေတဲ့လူတွေကလည်း မနေရဲတော့ဘူး၊ အရင်က ငါးတိုင်ထဲမှာ အိမ်စောင့်ကျန်ခဲ့တဲ့လူတွေတောင် ထွက်ကုန်ကြပြီ၊ မီးကတော့ ၁၀ နာရီလောက်မှာလောင်တာပါ၊” လို့ ငါးတိုင်ရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၂၃ရက်နေ့ကလည်း ကော့ကရိတ်မြို့လယ်(၉၇)တပ်က နေလက်နက်ကြီးပစ်ခတ်လို့ ကော့ကရိတ်မြို့၊ အလယ်ရွာ ၊ ဝေပုလ္လဓမ္မာရုံအနီးရှိ ဒေသခံပြည်သူနေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိအချိန် ကော့ကရိတ်နဲ့ ကျုံဒိုးမြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေသလို ဧပြီလ ၂၄ရက်နေ့ကလည်း ကော့ကရိတ်မြို့အနီး ကွမ်းခြံကုန်းကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခမရ (၉၇ )တပ်ကနေကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ မနေ့က အာရှလမ်းကွမ်းခြံကုန်းတိုက်ပွဲ ပြင်းထန်ပါတယ်၊ လက်နက်ကြီးကလည်း တောက်လျှောက်ကို ပစ်တာ၊ ကော့ကရိတ်မြို့ထဲမှာလည်း လူတွေမနေရဲကြတော့ဘူး၊အရင်ကပြန်ဝင်နေကြတဲ့ လူတွေတောင် ပြန်ထွက်ကုန်ကြပြီ ” လို့သူကပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ၄လ ကျော်ကြာမြင့်နေပြီး စစ်တပ်ရဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံနေအိမ် (၅၀၀) ကျော်မီးလောင်ပျက်စီးနေပြီ ဖြစ်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than(People’s Radio Myanmar)