ကျိုက်ထိုမြို့နယ်က စစ်တပ်သတင်းပေးသူတစ်ဦး ပစ်ခတ်ရှင်းလင်ခံရ

ဧပြီလ ၂ ရက် ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ကော့စနိုင်ရပ်ကွက်နေ စစ်ကောင်စီတပ်သတင်းပေးသူတစ်ဦးကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)မှ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

ဧပြီလ ၁ရက်နေ့ ညနေ ၄နာရီဝန်းကျင်အချိန်မှာစစ်တပ်သတင်းပေးသူ ဦးမြအေးကို ကော့စံနိုင်ရပ်ကွက်ရှိ နေအိမ်မှာပဲသွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ KRF မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ ဦးမြအေးကိုသူ့ရဲ့နေအိမ်မှာပဲ ၁၃ချက်သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပါ အရင်ကတော့ စကစနဲ့ပေါင်းပြီး လက်နက်ကိုင်ဆောင်တယ်လို့သတင်းကြားရပေမဲ့အခုသွားရောက်ရှင်းလင်းခဲ့တဲ့အချိန်မှာတော့လက်နက်ကိုတော့မတွေ့ရှိရပါဘူး” လို့သူကပြောပါတယ်။

ဦးမြအေးဟာစစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကို ဖမ်းဆီးတာတွေလည်းရှိခဲ့သလို စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း အသက်ပြည့်ပြီးတဲ့ သူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖိအားပေးတာမျိုးတွေရှိတယ်လို့ ကျိုက်ထိုမြို့ဒေသခံအမျိုးသမီးကဆိုပါတယ်။

“သူကြောင့်ဖမ်းခံရတဲ့လူတွေမနည်းဘူး ဒီလောက်ဒုက္ခပေးတဲ့လူသေတော့လည်း စိတ်ချမ်းသာကြတာပေါ့ ရပ်ကွက်ထဲက လူတွေတော်တော်ပျော်နေကြတယ် အခုစစ်မှုထမ်းကာလမှာ သူကပိုဆိုးလာတယ် နာမည်စာရင်းတွေ ဇွတ်ပေးပြီး အတင်းလုပ်ခိုင်းတာလေ”လို့ဆိုပါတယ်။

ဒါ့အပြင်ကျိုက်ထိုမြိုု့နယ်အတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ကြိုးပမ်းတဲ့ မည်သူ့ကိုမဆို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ ရှင်းလင်းသွားမှာဖြစ်တယ်လို့ KRFမှထုတ်ပြန်ထားပါသေးတယ်။

မတ်လ ၂၄ ရက်နေ့ကနေ ဒီနေ့ဧပြီလ အစပိုင်းအထိကိုကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်မှုထမ်းဥပဒေအတွက် လိုက်လံဖိအားပေးသူတွေပစ်ခတ်ရှင်လင်းခံရတာ ၃ဦးအထိရှိလာပြီဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

 

သတင်း− နော်ဖူးဖူး

ပုံ−KRF

Phar Si Than (People’s Radio Myanmar)