
ဧပြီလ ၂ရက် ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့ စစ်ရှောင်ပြည်သူတွေဟာ မြို့ထဲမှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၄ လကျော်ကြာမြင့်နေပြီး မြို့ခံ ၂၀၀၀၀ ဝန်းကျင်ဟာလည်း လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
အခုလို ကာလကြာရှည် စစ်ဘေးတိမ်းရှောင်နေရတာကြောင့် စစ်ရှောင်တွေဟာ နေထိုင်စားသောက်ရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရသလို စစ်ရှောင်အိမ်တွေကနေ ပစ္စည်းခိုးယူသူတွေရှိနေတာကြောင့် နေအိမ်တွေမှာ ပြန်လည်နေထိုင်နေကြတာဖြစ်တယ်လို့ စစ်ရှောင်နေရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ အခုက စစ်ရှောင်ရတာလည်း ကြာလာပြီး၊ သူများရွာတွေမှာ နေထိုင်စားသောက်ရတာ အဆင်မပြေဘူး၊ ပြီးတော့ အလုပ်လည်း သေချာမရှိတော့ ပိုက်ဆံကလည်းမရှိဘူး၊ အဲ့ဒါကြောင့် ပြန်လာနေကြတာ၊ မီးလောင်တာတွေလည်း များလာတော့ ပစ္စည်းဝင်သယ်ရင်း ပြန်လာနေကြတဲ့သူတွေရှိတယ်၊” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်မှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြသူ ၂၀၀ ကျော်ရှိနေပြီး လက်နက်ကြီး ပစ်ခတ်သံကြားရင် ဗုံးခိုကျွင်းမှာ ဝင်ရောက်နေထိုင်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
“ အမှတ် ၅ မှာက နေတဲ့လူတွေ ပိုများတယ်၊ လွန်ခဲ့တဲ့ ၂ ပတ်လောက်ထဲက ပြန်ဝင်နေကြတာ၊ လက်နက်ကြီးသံကြားရင်တော့ ဗုံးခိုကျွင်းထဲဝင်နေကြတယ်၊ အိမ်အောက်ဆင်းနေကြတယ်၊” လို့ ပြောပါတယ်။
အခုလက်ရှိအချိန်ထိ ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးနေပြီး ဖြစ်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ- ပုံဟောင်း
Phar Si Than (People’s Radio Myanmar)