[videopress uPPRH7UT]
ဧပြီလ ၁ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ဇဟာရွာအခြေစိုက် အမတ(၃၀၂)တပ်ရင်းကို အင်အားဖြည်ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတယ်လို့ ဗထူးတပ်မတော်ဆီကနေ သိရပါတယ်။
မတ်လ ၃၁ရက်နေ့၊ မနက် ၇နာရီခွဲလောက်မှာ အင်အား ၈၀ကျော်ပါတဲ့ မြေတင်ကား၂စီးကို ရေး−ထားဝယ် ကားလမ်းမပေါ်ရှိ ရေဖြူမြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြတ်က ဆိုပါတယ်။
လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ကား ၁စီး တိမ်းမှောက်သွားခဲ့ပြီးအချိန်မှာတော့ ကာကွယ်ရေးတပ်တွေဘက်က ၄၀မမ ဗုံးသီးနဲ့ ထပ်မံကြဲချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်မှအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲဘော်ထက်မြတ်က ပြောပြပါတယ်။
“ ယာဉ်မောင်းထိဖို့ကများတယ်။ ကားက လမ်ဘေးထိုးကျပြီး မှောက်သွားတာဗျ။ ကားမှောက်သွားတဲ့အချိန်မှ ၄၀နဲ့ရော ဒရုန်းနဲ့ပါ ဗုံးထပ်ချတာ” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီနောက်မှာတော့ အရှေ့က သွားလိုက်တဲ့ စစ်ကောင်စီရဲ့ မြေတင်ကား ၁စီး ပြန်လည်ရောက်ရှိလာတာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁နာရီလောက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က ၄၀ဦးလောက် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေ ဆီကနေ သိရပါတယ်။
ယင်းထိခိုက်သေဆုံးတာတွေ နဲ့ ပတ်သက်ပြီး People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဧပြီလ ၁ရက်နေ့၊ မနက်မှာတော့ တိမ်းမှောက်သွားတဲ့ စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးလိုက်ပြီ ဖြစ်တယ်လို့ ရဲဘော်ထက်မြတ်က ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ (၆) တပ်ရင်း(၂၇)နဲ့ ဗထူးတပ်မတော်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ မတ်လ ၂၇ရက်နေ့တုန်းကလည်း ဇဟာကျေးရွာရှိ ကားလမ်မကြီးမှာ တပ်မတော်နေ့ အခမ်းအနားအတွက် လမ်းကင်းယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတာကြောင့် ၂ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း−နော်အယ်နီး
ပုံ− စစ်ကောင်စီရဲ့တိမ်းမှောက်သွားတဲ့ယာဉ်
Phar Si Than (People’s Radio Myanmar)