
မတ်လ ၂၇ရက်နေ့၊ ၂၀၂၄ခုနှစ်
စစ်ကောင်စီတပ်သားတွေက ထားဝယ်ထောင်ထဲကနေ အကျဉ်းသားနှစ်ဦးကို အပြင်ကိုခေါ်ထုတ်စစ်ဆေးနေတဲ့အချိန် အကျဉ်းသားနှစ်ဦးထဲက တစ်ဦးမှာ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ထားဝယ်အကျဉ်းထောင်ထဲကို မတ်လ ၁၃ရက်နဲ့ ၁၅ရက်နေ့တွေမှာ ရဲ၊စရဖနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းထားတဲ့ စစ်ဆေးရေးအဖွဲတွေ ဝင်ရောက်လာပြီး အကျဉ်းထောင်တစ်ခုလုံးကို တင်းကြပ်စွာ စစ်ဆေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ မတ်လ ၁၇ရက်နေ့ ညပိုင်းမှာတော့ ထားဝယ်ထောင်ထဲက အကျဉ်းသားနှစ်ဦးကို ခေါင်းစွပ်အနက်ရောင်စွပ်ပြီး Vigoကားနဲ့ အပြင်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။
အဆိုပါခေါ်ထုတ်ခံရတဲ့ သူနှစ်ဦးထဲမှ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို စစ်ကောင်စီတပ်သားတွေက အကြမ်းဖက်တွေကို ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးမှုပြုလုပ်နေချိန် ထွက်ပြေးဖို့ကြိုးစား တာကြောင့်ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။
မတ်လ ၂၃ရက်နေ့မှာတော့ ထောင်တာဝန်ရှိသူတွေက မိသားစုဝင်တွေကို ကိုဝင်းသီဟ သေဆုံးတာနဲ့ပတ်သတ်ပြီး ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။
“ ထောင်ပြင်ကို ခေါ်ထုတ်သွားတာက တိတ်တိတ်လေးခေါ်သွားတာ။ သူတို့ကို အထဲက လူတွေနဲ့ ဆက်သွယ်ထားတာတွေကို ဖုန်းထဲတွေ့တယ်ဆိုပြီး စစ်ဖို့ခေါ်ထုတ်သွားတယ်ကြားရတယ်” လို့သူက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ခေါ်ဆောင်သွားတဲ့ ၂ ဦးထဲက တစ်ဦးကိုသာသိရှိရပြီး ကျန်တစ်ဦးကေတာ့ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးတာကြောင့် အကျဉ်းသားတွေရဲ့မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
အကျဉ်းသားမိသားစုဝင်တစ်ဦးက “ထောင်ဝင်စာသွားတွေ့လည်း တွေ့ခွင့်မပေးဘူး။ တစ်လမှာ တကြိမ်ဘဲ့ တွေ့လို့ရတယ်ပြောတယ်။ အကုန်လုံးက စိတ်ပူနေကြတာပေါ့။ အိပ်မက်တွေလည်းမကောင်းဘူး” လို့သူက ပြောပြပါတယ်။
ကိုဝင်းသီဟကို ၂၀၂၂ခုနစ်၊ ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်တွေက ထားဝယ်မြင့်မိုရ်ဦးဆေးရုံ အရှေ့ရှိ ဟိုတယ်တစ်ခုမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇နှစ်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ စစ်ကောင်စီတပ်တွေက အရင်ကထက် အစစ်အဆေး ပိုမိုတင်းကြပ်နေပြီး အကျဉ်းသားတွေကို အပြင်းအထန်ရိုက်နှက်နှိပ်စက်တာနဲ့ တိုက်ပိတ်တာတွေကို လုပ်ဆောင်နေတယ်လို့ တောင်တွင်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
သတင်း-နော်အယ်နီး
ပုံ- ထားဝယ်အကျဉ်းထောင်
Phar Si Than (People’s Radio Myanmar)