ထားဝယ်က ဇမ္ဗူသီရိပရဟိတရုံးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း

မတ်လ ၂၇ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ထားဝယ်မြို့ရှိ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်ကူညီသယ်ဆောင်‌ဆောင်ရေးအဖွဲ့ရုံးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထားဝယ်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၂၆ရက်နေ့၊ နေ့လည် ၂နာရီလောက်မှာ ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်ရှိ ဇမ္ဗူသီရိရုံးကို စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီးတွေဟာ  ကား ၈စီး နဲ့ ရောက်လာပြီ‌ေနာက် ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထားဝယ်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ အင်အားက ၁၀၀လောက်ရှိတယ်။ ရုံးကလူတစ်ယောက်က PDFထဲဝင်သွားပြီး ထားဝယ်ကိုပြန်ရောက်နေတယ်ကြားလို့ ဝင်ရှာတာတဲ့” လို့သူက အခုလိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက အဆိုပါရုံးကို ဝင်ရောက်စီးနင်းတာမပြုလုပ်မီ ထားဝယ်မြို့၊ ကျွန်းမွှေးရပ်ကွက်ထဲက အိမ်တစ်အိမ်ကို လဲဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ အဲ့ဒီကောင်လေးကို အိမ်မှာရှာမတွေ့တော့ ဇမ္ဗူသီရိမှာလုပ်နေတဲ့သူဆိုပြီး ရုံးသွားရှာတာ။ ဖြစ်ချင်တော့ စစ်သားတွေက အိမ်မှားဝင်ရှာတယ်လို့လည်းပြောတယ်” လို့သူက ဆက်ပြောပါတယ်။

ရုံးထဲကို ဝင်ရောက်စစ်ဆေးတဲ့အချိန် အဖွဲ့သားတွေကို တန်းစီထိုင်ခိုင်းထားပြီး စစ်ဆေးမေးမြန်းတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးပြီး နာရီဝက်လောက်ကြာမှာတော့ စစ်ကောင်စီတပ်သား‌ေတွဟာ သူတို့အလိုရှိသူကို မတွေ့တာကြောင့် ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနစ်တုန်းကလည်း စစ်ကောင်စီတပ်သားတွေက ဇမ္ဗူသီရိ ပရဟိတရုံးကို ဝင်ရောက်စီးနင်းပြီး အဖွဲ့သားတစ်ဦးကိုဖမ်းဆီးတာနဲ့ မွှေနှောက်ရှာဖွေတာတွေကိုလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။

 

သတင်း-နော်အယ်နီး

ပုံ-ဇမ္ဗူသီရိရုံး

Phar Si Than (People’s Radio Myanmar)