ကျိုုက်ဒုံမြို့စစ်တပ်စခန်း၂ခုက စစ်သားတွေ ၃ရက်အတွင်း အယောက်၈၀ ဝန်းကျင်ထိုင်း နိုင်ငံကိုထွက်ပြေး

မတ်လ ၂၂ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ကျိုက်ဒုံမြို့၊ပိုင်ခလန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ မယ်သရောထစခန်းနဲ့ ရေတံလျှောက်စခန်းတို့မှ စစ်ကောင်စီတပ်သားတွေဟာ ၃ရက်အတွင်း အယောက်၈၀ဝန်းကျင်ထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားခဲ့တယ်လို့ Cloud Wingsဒရုန်းအဖွဲ့မှတာဝန်ရှိသူရဲ့ ပြောပြချက်အရသိရပါတယ်။

မတ်လ ၁၉ ရက်နေ့မှာတော့ မယ်သရောထစခန်းကို KNLAပူးပေါင်း တပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၅၀ခန့် ထိုင်းနိုင်ငံဘက်ကို စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၂၁ရက်နေ့မှာလည်း ရေတံလျှောက်စခန်းမှ စစ်ကောင်စီတပ်သား၂၆ဦးထိုင်းနိုင်ငံဘက်ကို ထပ်မံထွက်ပြေးသွားခဲ့တယ်လို့ Cloud Wingsဒရုန်းအဖွဲ့မှ တာဝန်ခံကိုငြိမ်းကပြောပါတယ်။

“ရေတံလျှောက်ကဒီနေ့ပြေးတာ ၂၆ဦးပဲလို့ သတင်းထပ်ဝင်လာတယ် ဒီ၃ရက်အတွင်းလောက်ပေါ့ မယ်သရောထနဲ့ ရေတံလျှောက်က ၈၀ဝန်းကျင်လောက်ရှိပြီး”လို့သူကပြောပါတယ်။

ကျိုက်ဒုံမြို့မှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိတော့ပေမဲ့လဲ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်တာတွေကို ထပ်မံလုပ်ဆောင်မှာကို စိုးရိမ်တာကြောင့် ဒေသခံအများစုမှာ မြို့တွင်းမပြန်ရဲ‌ေတာ့ပဲထိုင်းနိုင်ငံဘက်ကို ပြောင်းရွေ့ခဲ့ကြတယ်လို့လဲဆိုပါတယ်။

“အခုကထိုင်းဘက်ရောက်နေတာထိုင်းဘက်ကဂိတ်တွေအကုန်ပိတ်ထားတာထိုင်းဘက်ကမပေးပြန်တာကျိုင်းဒုံမှာတော့စစ်တပ်ကမရှိတော့ဘူးဖုချိမုဘက်မှာတော့စစ်တပ်တစ်ခုကျန်တယ်ကြားတယ်အဓိကလေယာဉ်ကြောက်တာလည်းပါတယ်”လို့စစ်ရှောင်နေသူအမျိုးသမီးတစ်ဦးကပြောပါတယ်။

မတ်လအတွင်း မယ်သရောထစခန်းနဲ့ ရေတံလျှောက်စခန်းတို့ကို ၈၁မမ၊၆၀မမ စတဲ့ဗုံသီးတွေနဲ့ အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့တယ်လို့ Coud Wingsဒရုန်းအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင်မတ်လအစပိုင်းမှစတင်ပြီး ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်နဲ့ သံတောင်ကြီးမြို့နယ်တွေဘက်မှာ နေ့တိုင်းနီးပါး စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှလည်းအများအပြားသေဆုံးနေကြောင်း KNLAပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်များအရသိရပါတယ်။

 

 

သတင်း-နော်ဖူးဖူး

ပုံ-Cloud Wings

Phar Si Than(People’s Radio Myanmar )