စန်းကားနှင့်တာလောကြီးဆက်သွယ်ထားသည့် တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး

မတ် ၂၁ရက်၊ ၂၀၂၄ ခုနှစ်

 

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာနှင့် ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာကြားရှိ တံတားတစ်စင်းကို မတ်လ ၁၉ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များက မိုင်းခွဲဖျက်ဆီးလိုက်​တယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

ညနေပိုင်းအချိန် မိုင်းပေါက်ကွဲသံ တစ်ချက်ကြားခဲ့ရပြီးနောက် ဂါဂျန်ကျေးရွာနှင့် စန်းကားကျေးရွာကြားရှိ တံတားပျက်စီးခဲ့တာဟု စန်းကားကျေးရွာရပ်မိရပ်ဖတစ်ဦးက အခုလိုပြောပါတယ်။

“ ညနေပိုင်း အသံတစ်သံ အုန်းခနဲကြားလိုက်တာပဲ ၊ စန်းကားရွာအောက်ဘက်က ဂါဂျန်ကြားက တံတားဟုတ်တယ်။ အဲ့နောက်ပိုင်း တံတားကျိုးသွားပြီလို့ သတင်းကြားရတာပဲ ” သူက ဟု ပြောပါတယ်။

တံတားပျက်စီးသွားသောကြောင့် တာလောကြီးကျေးရွာရှိ တစ်သျူးငှက်ပျောခြံများတွင် အလုပ်လုပ်ကိုင်နေသူများ စားနပ်ရိက္ခာသယ်ဆောင်ရန် ခက်ခဲလာနိုင်သည်ဟု တာလောကြီးရပ်မိရပ်ဖတစ်ဦးကလည်း ဆက်ပြီးပြောလာပါတယ်။

“တခြားဖြတ်လမ်းတော့ရှိပေမဲ့ စန်းကားလမ်းက အသုံးများတယ်၊ ကျိုးတာက စန်းကားရွာအောက်ဘက်ဆိုတော့ ဟိုဘက်ခြမ်းကရွာတွေ တရုတ်ငှက်ပျောခြံတွေရှိတယ်လေ၊ စားဝတ်နေရေးတော့ ခက်ခဲလာမယ်လို့ထင်တယ်” ဟု​ သူကထပ်မံပြောပါတယ်။

တာလောကြီးကျေးရွာပြည်သူ့စစ်ခန်းကို KIA အနေနဲ့ မြောက်ပိုင်းနယ်အတွင်းပထမဆုံး စခန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျောက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသလို ရွာတွေကိုစီးနင်းဝင်ရောက်စစ်ဆေးမှုတွေလည်းပြုလုပ်နေတယ်လို့ စစ်ရေးနယ်မြေသတင်းရင်းမြစ်အရ သိရပါတယ်။

 

News : Tiffany Suu

Photo : CJ