ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို အပြင်းအထန်ရိုက်နှက်ပြီး တိုက်ပိတ်ထား

မတ်လ ၂၁ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေအကျဉ်းသားတွေ ရိုက်နှက်ခံရတာကြောင့် အပြင်းအထန်ဒဏ်ရာရရှိပြီး အကျဉ်းသားတွေကိုလည်း တိုက်ပိတ်ထားတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ယက်ဆီမှ သိရပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲကို မတ်လ ၁၃ရက်နဲ့ ၁၅ရက်နေ့တွေမှာ ရဲ၊စရဖနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းထားတဲ့ စစ်ဆေးရေးအဖွဲ့တွေ ဝင်ရောက်လာပြီး အကျဉ်းထောင်တစ်ခုလုံးကို တင်းကြပ်စွာ စစ်ဆေးခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။

“ သူတို့က အရင်ကလည်းဝင်စစ်ဖူးတယ်။ အထူးစစ်ဆေးရေးဝင်တာပေါ့။ သူတို့က မမိဘဲနဲ့ မိတယ်လို့ ပြောမဲ့သူတွေလေ”လို့ သူကအခုလိုပြောပါတယ်။

အဲ့ဒီနောက်မှာတော့ အကျဉ်းသားတွေဆီမှာ လက်ကိုင်ဖုန်းတွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၂၀လောက်ကို စစ်ကောင်စီတပ်တွေက အပြင်းအထန် ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပြပါတယ်။

စစ်ကောင်စီတပ်သားတွေက အပြင်းအထန်ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် အကျဉ်းသားတွေမှာ ခေါင်းကွဲဒဏ်ရာ၊ ခြေကျိုးဒဏ်ရာ၊ မျက်နှာဖူးရောင်တာနဲ့ ခန္ဓာကိုယ်အနှံ့ ညိုမဲစွဲဒဏ်ရာ တွေရရှိခဲ့တယ်လို့  သိရပါတယ်။

အကျဉ်းထောင်နဲ့နီးစပ်သူက “ ဘယ်သူ့ဖုန်းဆိုပြီး အတိအကျမပြောဘဲ သူတို့ထင်တဲ့လူတွေကို ခေါ်ပြီး ရိုက်စစ်တယ်။ ရိုက်စစ်ခံရတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေ အများစုပါတယ်” လို့သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက အကျဉ်းသားတွေကို ရိုက်နှက်စစ်ဆေးပြီးနောက်မှာတော့ အခန်းတစ်ခုမှာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီအကျဉ်းသားတွေကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲပြီး ထောင်ဒဏ် ၆လ ထပ်တိုးဖို့ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ယက်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လ ၁၇ရက်နေ့၊ ညပိုင်းကလည်း ထားဝယ်အကျဉ်းထောင်ထဲက အကျဉ်းသားနှစ်ဦးကို ခေါင်းစွပ်အနက်ရောင်စွပ်ပြီး စစ်ကောင်စီတပ်သားတွေက ထောင်အပြင်ကို ခေါ်ထုတ်သွားတယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးနဲ့ ထောင်ကျနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀ ဝန်းကျင်လောက်ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ ဩဂုတ်လတုန်းကလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးခဲ့ဖူးသေးတယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း-နော်အယ်နီး

ပုံ- ထားဝယ်အကျဉ်းထောင်

Phar Si Than (People’s Radio Myanmar)