
မတ်လ ၁၈ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်ရွာက အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး ခြောက်ရက်ကြာမှာတော့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မတ်လ ၁၁ရက်နေ့၊ မနက်ပိုင်းလောက်မှာ အဆိုပါအမျိုးသမီးငယ်ဟာ အပြင်သွားဖို့ မိခင်ဖြစ်သူကို ခွင့်တောင်းပြီး ထွက်သွားတဲ့အချိန်ကစလို့ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ရေဖြူမြို့နယ်ရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒီနောက် မတ်လ ၁၆ရက်နေ့၊ မနက်ပိုင်းလောက်မှာ အဆိုပါအမျိုးသမီးငယ်ရဲ့ အလောင်းကို မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းကျေးရွာရှိ ခြံတစ်ခုမှာ အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက အခုလိုပြောပါတယ်။
“ အလောင်းမှာက သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေမရှိဘူး။ ဆံပင်ကိုဆွဲပြီး သစ်ပင်နဲ့ဆောင့်ထားတဲ့ ဒဏ်ရာရယ်၊ ဦးခေါင်းကို ထုထားတဲ့ဒဏ်ရာရယ်တွေ့ပဲ့ရှိတယ်လို့ သိရတယ်” လို့သူက ပြောပြပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးငယ်ဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းရွာမှာနေထိုင်တဲ့ အသက် ၁၈နှစ်အရွယ်ရှိ မပန်းအိဖြူဖြစ်တယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်ဒေသခံက “ အလောင်းကပုပ်ပွနေတာဘဲ့။ ရော်ဘာခြစ်ရင်းတွေ့တာ။ မှောက်လျက်ဖြစ်နေတော့ လန့်သွားတယ်။ သူ့ဖုန်းကိုလည်း ထုချေထားတယ်။ အလောင်းနဘေးမှာဘဲ့တွေ့တာ” လို့သူက ပြောပါတယ်။
အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားတဲ့နေ့မှာဘဲ့ ပဒိုင်းချောင်းဘက်မှာ သံသယဖြစ်ဖွယ် လူငယ်သုံးဦးကို ဆိုင်ကယ်နှစ်စီးနဲ့ တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
မပန်းအိဖြူရဲ့ အလောင်းကိုတော့ မတ်လ ၁၆ရက်နေ့မှာဘဲ့ ပဒိုင်းချောင်းရွာရှိ သုဿန်မှာ သင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီးငယ်သေဆုံးတာဟာ သွေးရိုးသားရိုးမဖြစ်နိုင်တာကြောင့် သေဆုံးသူရဲ့ မိဘတွေအနေနဲ့ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တရားမျှတမှုရရှိဖို့ စုံစမ်းပေးရန် တောင်းဆိုထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- အသတ်ခံရတဲ့အမျိုးသမီးငယ်
Phar Si Than (People’s Radio Myanmar)