
မတ်လ ၅ရက်နေ့၊ ၂၀၂၄ခုနှစ်
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ ထားဝယ်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းဆောင်ပျက်စီးပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မောင်မယ်ရှောင်ရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
မတ်လ ၄ရက်နေ့၊ နေ့လည် ၁နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီရဲ့ ဇဟာရွာအခြေစိုက် အမတ ၃၀၁ တပ်ရင်းကနေ မောင်မယ်ရှောင်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ မောင်မယ်ရှောင်ရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ လက်နက်ကြီးက ဇဟာတပ်က မိန်းမတွေပစ်တာလို့ကြားတယ်။ အချက်ရေက ၅ချက်ကျော်တယ်။ တိုက်ပွဲလည်းမဖြစ်ဘူး” လို့သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ရှင်ဓာတ်ဝဲဘုရားဝင်းထဲ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးကတော့ သာသနာ့သီရိဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရှင်ဓာတ်ဝဲဘုရားမှာ စာရင်းလုပ်နေတဲ့ အမျိုးသားတစ်ဦးကပေါ့ လည်ပင်းမှာ လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး အမျိုးသမီးကတော့ ခြေထောက်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တယ်လို့ မောင်မယ်ရှောင်ရွာ ဒေသခံက ဆက်ပြောပါတယ်။
“ လက်နက်ကြီးတွေက ရွာအနီးတဝိုက်ကိုကျတယ်။ တခြားနေရာကိုကျတဲ့ အလုံးတွေကတော့ လူထိခိုက်မှုမရှိခဲ့ဘူး” လို့ သူကပြောပြပါတယ်။
အခုလက်ရှိမှာ လက်နက်ကြီးကျည်စထိမှန်သူနှစ်ဦးစလုံးက ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ကနေ လက်နက်ကြီတွေနဲ့ ညနေ ၃နာရီလောက်ထိ ရမ်းသမ်းပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မောင်မယ်ရှောင်ရွာထဲက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဆောင်ထိခိုက်ပျက်စီးတဲ့ပုံ
Phar Si Than (People’s Radio Myanmar)