
ဖေဖော်ဝါရီလ ၁၉ရက်၊၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်တပ်နဲ့ရဲတွေက အင်အားထပ်တိုးထားပြီး အရင်ကထက် အစစ်အဆေးတွေ ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ အစပိုင်းလောက်ကစပြီး ဘားအံမြို့အဝင် သံလွင်မြစ်ကူးတံတားနဲ့ ရှမ်းလေးဆီဆိုင်ရှေ့မှာ အရင်ကထက် စစ်သားအင်အားတွေတိုးထားသလို တောင်ကလေး စစ်တပ်ဂိတ်ရှေ့မှာလည်း အရင်ကထပ် အစစ်အဆေးတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ သံလွင်တံတားမှာတော့ အရင်ကထက်ပိုစစ်လာတယ်၊ စစ်သားတွေလည်း နေ့ခင်းပိုင်းဆိုရင် အများကြီးဘဲ၊ ညဘက်ဆိုရင်တော့ လူ၁၀ယောက်လောက်ဘဲရှိမယ်၊ ရှမ်းလေးဆီဆိုင်ရှေ့မှာဆိုရင် အရင်က ဂိတ် ၂ ခုဘဲရှိတာ၊ အခုဆိုရင် ဂိတ် ၃ခုဖြစ်သွားပြီး၊ လူလည်းပိုများလာတယ်၊ ဟိုဘက် တောင်ကလေးဘက်ကလာရင်လည်း အရင်ကဆိုရင် ဆိုင်ကယ်တွေကို သိပ်မစစ်ကြဘူး၊ အခုဆိုရင် ဆိုင်ကယ်ကော ကားကော အကုန်စစ်နေတယ်၊” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၇ရက်နေ့ကလည်း ကမော့ကစင်ရွာဘက်ကနေ ဘားအံမြို့ကိုတက်တဲ့ လမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အပြင် မြို့ထဲမှာလည်း စစ်တပ်က ဧည့်စာရင်းစစ်တာနဲ့ လူစာရင်းကောက်တာတွေကို ညတိုင်းပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဘားအံမြို့ဒေသခံတစ်ဦးက “ ၁၇ရက်နေ့ညက ကမော့ကစင်ကနေ မြို့ထဲလာတဲ့လမ်းကို ပိတ်လိုက်တာ၊ ၆ နာရီလောက်ဘဲရှိဦးမယ်၊ ဘယ်သူမှ အဲ့ဒီလမ်းကို မပေးသွားဘူး၊ တစ်ခြားလမ်းတွေကနေ ကွေ့ပတ်ပြီးသွားရတယ်၊ ဧည့်စာရင်းစစ်တာကတော့ ညတိုင်းဘဲ မြို့ထဲက တစ်နေရာမဟုတ် တစ်နေရာမှာစစ်နေတာ၊ ညတုန်းကဆိုရင် ပြည်ထောင်စုနဲ့ အမှတ် ၁ ဘက်က အိမ်တွေကို စစ်သားတွေအများကြီးနဲ့ ဝင်စစ်သွားတယ်၊” လို့ ပြောပါတယ်။
လက်ရှိအချိန် ဘားအံမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေဘက်မှာ စစ်တပ်နဲ့ ရဲက ဧည့်စာရင်းစစ်တာနဲ့ လူစာရင်းကောက်ခံတာတွေကို ဆက်တိုက်ပြုလုပ်နေပြီး ညဘက်မှာလည်း စစ်ကားနဲ့ မြို့ထဲမှာ ကင်းပတ်တာတွေရှိလာတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)