
ဖေဖော်ဝါရီလ ၁၇ရက် ၂၀၂၄
ထိုင်း−မြန်မာချစ်ကြည်ရေးအမှတ်၁တံတားကနေဖြတ်သန်းသွားလာတာမျိုးမရှိဘူးသေးတဲ့လူ တွေကို စစ်ကောင်စီတပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနကဝန်ထမ်းတွေက မှတ်ပုံတင်သိမ်းဆည်းပြီးမှ မဲဆောက်မြို့ဘက်ကိုသွားလာခွင့်ပြုတယ်လို့ တံတားရှိလဝကဝန်ထမ်းများနဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။
ဖေဖော်ဝါရီလ ၁၂ရက်နေ့ကနေစပြီး ချစ်ကြည်ရေးအမှတ် ၁ တံတားကနေဖြတ်သန်းသွား လာတာမျိုးမရှိဘူးသေးတဲ့လူတွေကို လ.ဝ.က ဝန်ထမ်းတွေကမှတ်ပုံတင်သိမ်းဆည်းထားကာ အခုလိုမှတ်ပုံတင်ကိုသိမ်းဆည်းတာဟာ မြန်မာနိုင်ငံအတွင်းကပြည်သူတွေထိုင်းနိုင်ငံဘက်ကို အပြီးတိုင်ထွက်ခွာသွားမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ လ.ဝ.ကဝန်ထမ်းတွေနဲ့ နီးစပ်သူ မြဝတီမြို့ခံတစ်ဦးကပြောပါတယ်။
“အခုတံတားဖြတ်တဲ့သူတွေကိုတော့မှတ်ပုံတင်ယူတယ် ဒီဘက်ကမ်းလာမှပြန်ပေးတယ် နေ့တိုင်းဖြတ်ပြီး သွားတဲ့သူတွေနဲ့ မျက်နှာအမြဲတွေ့နေတဲ့သူတွေတော့မပါဘူး အခုလိုလုပ်တာက သူစိမ်းတွေ ဒီကထွက်ကုန်မှာစိုးလို့တဲ့”လို့သူကပြောပါတယ်။
မြဝတီမြို့ဘက်ရှိအမှတ်၁ တံတားထိပ်မှာလည်း ရဲအင်အား၂၀ ဝန်းကျင်လောက်က အခုမှ တံတားဖြတ်ကူးမဲ့သူတွေ၊ မသင်္ကာတဲ့သူတွေကို အရင်ကထက်ပိုမိုစစ်ဆေးတာတွေ မှတ်ပုံတင်သိမ်းဆည်းတာတွေပြုလုပ်လာပါတယ်။
ပုံမှန်သွားလာနေကြသူတွေကိုတော့ပုံမှန်အတိုင်းပေးသွားလာနေကာမှတ်ပုံတင်သိမ်းဆည်းတာမျိုးမရှိသလို မဲဆောက်မြို့ကိုသွားရောက်မဲ့သူတွေမှာ အရင်ကထက်ပိုမိုများပြားလာတာကြောင့် ကားလမ်းပိတ်ဆို့တာတွေပါဖြစ်ပေါ်နေတယ်လို့ ၁၄ရက်ပတ်စ်ပို့၊ တစ်ပတ်သွားလာခွင့်ကဒ်နဲ့ နေထိုင်သူတွေဆိုပါတယ်။
“မြဝတီတံတားထိပ်မှာ ရဲတွေက်လူသစ်တွေကို စစ်ဆေးနေတာတွေတွေ့တယ် တန်းစီနေတဲ့ထဲက လူသစ်တွေလို့ထင်တဲ့သူတွေကို ပိုစစ်တယ်ရဲကောစစ်သားကောရှိတယ် ဒါ့ပေမဲ့ပုံမှန် သွားနေတဲ့သူတွေဆိုရင်တော့ကိစ္စမရှိဘူး၊မစစ်ဘူးပေါ့ လူကတော့အရမ်းများတယ် ဒီတစ်ခေါက် သွားတာ ကားတွေလည်းပိတ်တယ် ရဲအင်အားလည်း ရှေ့တစ်ခေါက်ကသွားတာ ထပ်တော့ပိုများ လာတယ်”ဆိုပါတယ်။
အဲဒီတံတားမှာ အလုပ်လုပ်ကိုင်နေတဲ့ စစ်ကောင်စီဝန်ထမ်းတွေဟာ တံတားပေါ်ကနေ အခုမှဖြတ်သန်းသွားလာဘူးတဲ့ပြည်သူတွေရဲ့ မှတ်ပုံတင်တွေကိုသိမ်းဆည်းထားသလို သူတို့မေးတဲ့ မေးခွန်းကိုပြန်လည်ဖြေကြားတဲ့အပေါ် မူတည်ပြီး မှတ်ပုံတင် ပြန်လည်ထုတ်ပေးတာမျိုးတွေ ပြုလုပ်နေတယ်တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကနေစပြီး မြန်မာနိုင်ငံအတွင်းစစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီတပ်မှ ထုတ်ပြန်လိုက်ပြီးနောက်ပြည်တွင်းမှာရှိတဲ့လူငယ်အများစုမှာ ထိုင်နိုင်ငံ မဲဆောက်မြို့ဘက်ကိုဝင်ရောက်လာချိန် အခုလိုအခက်အခဲမျိုးတွေနဲ့ရင်ဆိုင်နေရတာ ဖြစ်တယ်လို့အမှတ်၁တံတားကို ဖြတ်သန်းသွားလာသူတွေရဲ့ ပြောပြချက်အရသိရသည်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)