
ဖေဖော်ဝါရီ ၁၆ ရက် ၊ ၂၀၂၄ ခုနှစ်
စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့က ထိတွေ့ပစ်ခတ်မှုမရှိပဲ လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
တံတားဦးလေဆိပ်ကနေ ထွက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၂ နာရီလောက်မှာ၁ကြိမ် ည ၈ နာရီ နဲ့ ၁၁ နာရီလောက်မှာ ၁ ကြိမ် လေကြောင်းပစ်ခတ်မှု ၃ ကြိမ်တိတိပြုလုပ်ခဲ့လို့ တောင်ကြောင်းရွာက အမျိုးသမီး ၂ ဦးထိမှန်ဒဏ်ရာရရှိသွားသလို ပန်းထိမ်ကုန်းရွာသား ၁ ဦးလည်းကျည်ထိမှန်ပြီးသေဆုံးသွားပါတယ်။
“ဆုံးသွားတဲ့အဖိုးက သူ့ရဲ့တဲပေါ်တည့်တည့်ကိုကျတာ သူအိပ်နေရင်းနဲ့ပဲဆုံးသွားတယ်။ နောက်တစ်လုံးကတော့ သူ့ရဲ့ တဲနားကိုကျသွားတယ် ၊ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ထဲက တယောက်ကတော့ စိုးရိမ်ရတယ်”လို့ တန့်ဆည်မြို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အဖိုးကိုတော့ မြေမြှုပ်သဂြိုလ်ပေးဖို့ပြုု လုပ်နေ သလို ဒဏ်ရာရထားတဲ့ အမျိုးသမီး ၂ ဦးကိုလည်း ဆေးဝါးကုသမှု ပြုလုပ်ပေး နေတယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း တန့်ဆည် − ကလေးဝလမ်းပိုင်းကို စစ်ကောင်စီ တပ်သားတွေက လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့လို့ အမျိုးသား ၂ ဦးထိမှန်ဒဏ်ရာ ရရှိသွား ပါသေးတယ်။
သတင်း − နောနော
ဓာတ်ပုံ – CJ