
ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ရေပူကြီးကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အသက် ၁၄ နှစ်အရွယ် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အခုလို တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း စစ်တပ်လက်အောက်ခံ ခလရ (၂၃၀) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရေပူကြီးကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အဲ့ဒီနေ့က တိုက်ပွဲတွေဖြစ်နေတာ၊ လက်နက်ကြီးကော လက်နက်ငယ်ကောကြားနေရတယ်၊ လက်နက်ကြီးက ရွာထဲကျလာတာ၊ အသံကအကျယ်ကြီးဘဲ၊အဲ့ဒီမှာသွားကြည့်တော့ ကလေးကလက်နက်ကြီးထိထားတယ်၊ တစ်ကိုယ်လုံးဘဲ၊မျက်နှာတွေကော၊ကိုယ်လုံးမှာတွေကော၊ အသက်အန္တာရယ်တော့မရှိဘူး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူမှာ အသက် ၁၄ နှစ်အရွယ် နန်းမေသင်္ကြန်လင်းဖြစ်ပြီး ကျေးရွာထဲမှာ ကစားနေချိန် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန် ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းအတွင်းမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ရက်ဆက်တိုက်ရှိနေပြီး BGF တပ်ကနေ KNLA ပူးပေါင်းတပ်ဖွဲ့တွေဆီကို အင်အား ၁၀၀ ကျော်ထပ်ဖြည့်ထားပေးတယ်လို့ နဂါးဖြူစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” ရှိနေတုန်းပဲ လေးရက်ရှိပါပြီး၊ ဟုတ်ပါတယ်ဗျ၊အင်အား တစ်ရာကျော် ထပ်တိုးလာတယ်လို့ ကြားသိရပါတယ်ဗျ၊ BGF က ကျွန်တော်တို့ဘက်က ဝင်တိုက်နေတာတွေရှိပါတယ်၊” လို့ နဂါးဖြူစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊ ကျုံဒိုး၊သံတောင်ကြီးနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေဘက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံထိခိုက်သေဆုံးတာတွေ ဆက်ရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Karen National Union
Phar Si Than (People’s Radio Myanmar)