ကမမောင်းရှိရပ်ကွက်၂ခုကနေအိမ်၁၃လုံးကပိုင်ရှင်တွေကို BGF တပ်သားတွေကနေ့စဉ် ခြိမ်းခြောက်နေ

ဖေဖော်ဝါရီ ၅ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ရှိရပ်ကွက် ၂ခုက နေအိမ်၁၃လုံးပိုင်ရှင်တွေကို နယ်ခြားစောင့်တပ်BGF (၁၀၁၄)တပ်ရင်းက တပ်သားတွေ နေ့တိုင်းလာရောက်ကာ ခြိမ်းခြောက်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်ကနေ့ကစပြီး ကမမောင်းမြို့မှာရှိတဲ့ နေအိမ်၁၃လုံးပိုင်ရှင်တွေကို BGF (၁၀၁၄)တပ်ရင်းရှိတပ်ရင်းမှူးဗိုလ်မောင်ချစ်ရဲ့ တပည့်တွေကအိမ်ပေါ်ကနေ မဆင်းပေးရင် သေနတ်ပစ်သတ်မယ်ဆိုကာ နေ့တိုင်းလာရောက်ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“နေ့တိုင်းပဲ ၄ရက်ရှိပြီ လာလာခြိမ်ခြောက်နေတာဗိုလ်မောင်ချစ်တပည့်က အိမ်ပေါ်က ဆင်းအိမ်ဖျက်မယ် မဖယ်ရင်အကုန်ပစ်သတ်မယ်မင်းတို့ကိုသတ်လို့လည်းငါတို့ဘာမှမဖြစ်ဘူး ငါ့တို့ကိုင်ထားတာမုဆိုးမ မီးပြောင်းမဟုတ်ဘူး သဘောပေါက်လားဆိုပြီးလာခြိမ်းခြောက် နေတာနေ့တိုင်းပဲ”လို့ပဲလို့သူကပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ မနက်၉နာရီဝန်းကျင်အချိန်မှာတော့ နေအိမ်တစ်လုံးကိုထပ်မံ ဖျက်ဆီးနေကာ အိမ်ပိုင်ရှင်တွရဲ့ ဖုန်းတွေကိုလည်း BGFတပ်သားတွေကသိမ်းဆည်းလိုက်ပြီး အခုလက်ရှိအချိန်မှာတော့ နေအိမ်ပိုင်ရှင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“အခုလောလလောဆယ်တော့အိမ်ဖျက်နေပြီ အခုဖျက်နေတာကတော့တစ်လုံးပဲ သေနတ်တွေနဲ့ထောက်တာမျိုးတော့မရှိဘူး အိမ်ရှင်တွေကပစ္စည်းတွေသယ်ချမယ်ဆိုတော့ အိမ်ရှင်တွေရဲ့ဖုန်းတွေဘာတွေသိမ်းကြတယ် အိမ်ရှင်တွေကတော့အခုက တော့ပြေးရ တာပေါ့”ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၃၀ရက်နေ့တုန်းကလည်း ကမမောင်းမြို့က ဦးဇာလာအိမ်ကို နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်ကလာရောက်ဖျက်ဆီးခဲ့သလို နေအိမ်၁၃လုံးအနက် ဖျက်ဆီးခံရတဲ့ နေအိမ်၅လုံးထိရှိလာပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင်BGF (၁၀၁၄)တပ်ရင်းကတပ်ရင်းမှူးဗိုလ်မောင်ချစ်မှာလည်း စစ်ကောင်စီတပ်အတွင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကိုပုံမှန်သွားလာနေသလိုနယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ကလည်း တံတားဦးဂိတ်နဲ့ ကပ်ကျော်တံတားဂိတ်တွေမှာ စစ်ကောင်စီအတူပူးပေါင်းပြီးဂိတ်အထိုင်ဆက်ချထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)