[videopress kl4xhXh3]
ဖေဖော်ဝါရီလ ၁ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၃၁ရက်နေ့၊ ည ၉နာရီခွဲလောက်မှာ ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်တွေမှာ နှစ်ဖက်ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတွေကနေ ည ၁၁နာရီလောက်ထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေခဲ့တယ်လို့ ထားဝယ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဘုမ္မောထဲ ကားနဲ့ ရောက်လာတယ်။ ပြီးမှ စောမိညိုဘက် လမ်းလျှောက်ထွက်လာပြီးတာနဲ့ ပစ်သံတွေ စကြားတော့တာ။ လက်နက်ကြီးတွေနဲ့က ဘယ်ကထုလို့ ထုနေမှန်းမသိဘူး” လို့သူက ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဘက်က စစ်ကား ၃စီးနဲ့ စစ်ကူတွေရောက်ရှိလာပြီး ရမ်းသမ်း ပစ်ခတ်တာတွေကြောင့် ဒေသခံတစ်ဦးရဲ့ ကားတစ်စီးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က ၅ဦးနဲ့အထက် သေဆုံးတာတွေရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက ပြောနေပေမယ့် အရေအတွက် အတိအကျကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
မျက်မြင်တွေ့ရှိတဲ့ ထားဝယ်မြို့ဒေသခံတစ်ဦးက “ ကယ်ဆယ်ရေးကားတစ်စီး၊ မီးသတ်ကား အငယ်တစ်စီးရောက်လာတယ်။ အဲ့ဒီကားနှစ်စီးကြားက ကားတစ်စီးပါသွားတယ်။ အဲ့ကားမှာ အလောင်းတွေတင်ထားတာ အများကြီးဘဲ့” လို့သူက ပြောပြပါတယ်။
စစ်ကောင်စီတပ်တွေက စောမိညိုလမ်းထဲရှိ တဲနှစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၃၀ရက်နေ့ကလည်း လောင်းလုံမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့ပေါ်တိုက်ပွဲဆင်နွှဲခဲ့ပြီး ၂၀၂၄ နှစ်အစမှာ ဒေသတော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲ၊ မြို့ပေါ်တိုက်ပွဲတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။
သတင်း- နော်အယ်နီး
ပုံ- ပစ်ခတ်သံတွေထွက်ပေါ်နေတဲ့ ရုပ်သံ
Phar Si Than (People’s Radio Myanmar)