စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးခိုင်းတဲ့ ပျူစောထီးတဦးပစ်ခတ်ခံရ

ဖေဖော်ဝါရီ ၁ ရက် ၊ ၂၀၂၄ ခုနှစ်

မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ်မှာ စစ်တပ် နဲ့ ပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးခိုင်းတဲ့ ပျုစောထီး ၁ဦးကို ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခွဲလောက်မှာ ပစ်ခတ်ရှင်းခဲ့တယ်လို့ The Red Revolters က ထုတ်ပြန်ထားပါတယ်။

ပျုစောထီးတပ်ဖွဲ့ဝင်ဖြစ်တဲ့ အသက် (၂၅)နှစ်ဝန်းကျင်အရွယ် ငထူး ဆိုသူဟာ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ နဲ့ ဆက်နွယ်နေတဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခိုင်းတဲ့အပြင်
မြို့ပေါ်က လူလတ်ပိုင်းတွေကိုလဲ မတရားဖမ်းဆီးစစ်ဆေးတာ ရိုက်နက်တာမျိုးတွေလဲ ပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

“သူက လုယက်မှုတွေလဲလုပ်တယ် ၊ မြို့နေလူငယ်တွေကိုလဲ မဆီမဆိုင် ခေါ်ခေါ်ပြီးရိုက်တယ်။လက်နက်ကိုင်ပြီး ပတ်သောင်းကျန်းနေတယ် ” လို့ The Red Revolters တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီနေ့ ညနေ‌မှာ ငထူးဆိုသူ နဲ့ အပေါင်းအပါ ၇ ဦးဟာ ပခုက္ကူမြို့ပေါ် ဘီယာဆိုင်တစ်ဆိုင်မှာ ဘီယာသောက်နေချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုင်ထဲဝင်သွားပြီး သူ့ရဲ့အပေါင်းပါ‌ေတွ ကိုမှောက်ထားခိုင်းကာ ငထူးနားကိုကပ်ပြီးပစ်ခတ်သွားတယ်လို့လဲဆိုပါတယ်။

“ကျွန်တော်တို့ ညနေ5:40လောက်မှာလုပ်‌ေဆာင်ခဲ့တယ် ည7:30အချိန်လောက်မှာ ဆုံးသွားတာလို့သိရပါတယ်။ ကျွန်တော်လည်း ခပ်မြန်မြန်လှုပ်ရှားရတော့ သူတို့ဆီက ဘာမှမယူနိုင်လိုက်ဘူး” လို့သူက ဆက်ပြောပါတယ်။

ငထူးဆိုသူဟာ နေရာတစ်နေရာတည်းမှာပဲ အတိအကျနေထိုင်တာမဟုတ်တဲ့အတွက် သူ့ကို ပစ်ခတ်ရှင်းလင်းနိုင်ဖို့ကာကွယ်ရေးတပ်ဖွဲ့တွေက အချိန် ၁ လလောက်စောင့်ဆိုင်းခဲ့ရပြီး သူ့ရဲ့သွားလာလှုပ်ရှားမှုတွေကိုစောင့်ကြည့်ခဲ့ရတယ်လို့လဲ ဆိုပါတယ်။

သူ့ကိုပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အဝင်အထွက်ကို ပိတ်ထားတဲ့အပြင် အကျီအဖြူဝတ်ထားတဲ့ အမျိုးသားတိုင်းကိုလည်း ဖမ်းဆီးရိုက်နက်တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့လဲ ဆိုပါတယ်။

သတင်း – နောနော

Phar Si Than (People’s Radio Myanmr)