
ဇန်နဝါရီလ ၃၀ရက်၊၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းတာ၊ ရပ်ကွက်အတွင်းမှာရှိတဲ့နေအိမ်တွေကို မီးရှို့တာတွေဆက်ရှိနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၂၉ရက်နေ့နဲ့ ၃၀ရက်နေ့မှာတော့စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာမျိုးမှရှိပေမဲ့ စစ်ကောင်စီတပ်ဘက်မှ နေအိမ်တွေကို ဖောက်ထွင်းကာတန်းဖိုးကြီးပစ္စည်းတွေကိုယူဆောင်တာ၊ နေအိမ်တွေကိုမီးရှို့တာကြောင့် အမှတ်၇ရပ်ကွက်က နေအိမ်၂လုံးထပ်မံမီးလောင်ခဲ့တယ်လို့ KNLAသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့ကတော့ထုံးစံအတိုင်းပေါ့နော် နေအိမ်တွေကို ဖောက်ပြီးတော့မှတန်ဖိုးကြီးပစ္စည်းတွေ ကိုယူတာပေါ့ ယူပြီးတော့မှမီးရှို့တာပေါ့ အိမ်ကိုဖောက်တယ်မဖောက်ဘူးဆိုတာလည်း နယ်မြေရှင်းလင်းရေးလုပ်မှသိရတာမနေန့ကနဲ့ ဒီနေ့အခုချိန်ထိတော့ နှစ်ဖက်battle ကြီးကြီးမားမားမရှိသေးဘူး မနေ့ကမီးရှို့တာတော့ရှိတယ် သူတို့ကပစ်ကွင်းမရှင်းရင်ရှို့တယ် အမှတ်၇က၂လုံး နေ့ခင်းပိုင်းလောက်ကပဲ”လို့သူက ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ကော့ကရိတ်မြို့အခြေအနေမှာ ငြိမ်သက်နေမဲ့ဇန်နဝါရီလ ၂၇ရက်နေ့က စစ်ကောင်စီတပ်ကလေယာဉ်နဲ့ဗုံးကြဲတာတွေပြုလုပ်ခဲ့တာကြောင့် အမှတ်၁ရပ်ကွက်နဲ့ အမှတ်၂ရပ်ကွက်က နေအိမ်မီးလောင်တာတွေရှိသလို ကော့ကရိတ်မြို့မှာလည်း နေအိမ်ဖောက်ထွင်းတာ၊ပစ္စည်းခိုးယူတာတွေပိုများလာတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“ဟို့နေ့ကတော့ညကနေမနက်၁၁နာရီလောက်ထိပစ်ခတ်မှုရှိတယ် လေယာဉ်နဲ့ဗုံးကြဲတာက ညနှစ်နာရီကျော်သုံးနာရီလောက် တစ်ခါကြဲရင်၁၀လုံးကနေ ၁၂လုံးကြားကြဲတာက ည၃နာရီ ကတည်းကနေမနက်၉နာရီထိကြဲနေတာ ချောင်းတောင်၊ဝင်းကြီးကတော့ လေယာဉ်နဲ့ကြဲချတော့မီးလောင်တာတွေရှိနေတယ် သူခိုးတွေလည်းပေါလာတယ် စစ်ကောင်စီကသူခိုးတွေပိုဆိုးတယ် ကားနဲ့ကိုလိုက်တင်တာ မျက်မြင်ကိုယ်တွေ့”လို့ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၂၁ရက်နေ့ကလည်း ကော့ကရိတ်မြို့၊ အမှတ်(၅) ရပ်ကွက်၊ ရတနာလမ်း ကျူးလီယာတန်းမှာရှိတဲ့ အရပ်သားပြည်သူနေအိမ်အလုံး၅၀ ကျော်ရှို့မီးကြောင့် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)