[videopress SJNQUVJL]
ဇန်နဝါရီလ ၉ရက်နေ့၊ ၂၀၂၄ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ညောင်ပြင်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၈ရက်နေ့၊ မနက် ၉နာရီလောက်မှာ ဖိုးဖိုးကျောက်ကမ်းခြေရှိ တဲတွေကို မီးရှို့ပြီး နေ့လည် ၁၂နာရီလောက်မှာတော့ ညောင်ပြင်ကျေးရွာက နေအိမ်တွေကို စတင်မီးရှို့ခဲ့တာဖြစ်တယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ညောင်ပြင်မှာက ရပ်ကွက် ၄ခုရှိတယ်။ အခုစစ်သားတွေရှို့တာ ရပ်ကွက်၄ခုက အိမ်တွေအကုန် ကုန်သွားပြီ။ ကျောက်နီမော်က ပျူစောထီးတွေက ညောင်ပြင်ရွာက လူတွေကို မကျေနပ်ချက်နဲ့ လာရှို့တာလို့ သိရတယ်” လို့ သူက အခုလိုပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက ညနေ ၅နာရီဝန်းကျင်လောက်မှာတော့ ညောင်ပြင်ရွာအနောက်ဘက်ရှိ နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ညောင်ပြင်ရွာက ဒေသခံတွေကိုလည်း ဖမ်းဆီးထားပြီး နေအိမ်တွေထဲက စားသောက်ကုန်တွေနဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“ ဖမ်းထားတာတွေကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ အခုမီးရှို့တာက နာရေးကူညီမှုကားတွေလည်း ပါတယ်။ ညထိကို မီးကမငြိမ်းဘူး။ လေကလည်းကြမ်းနေတော့ ပိုဆိုးတယ်” လို့ သူကပြောပါတယ်။
ဖိုးဖိုးကျောက်ကမ်းခြေနဲ့ ညောင်ပြင်ကျေးရွာမှာ မီးလောင်ပျက်စီးသွားတဲ့ အိမ်အရေအတွက်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်သားတွေက လောင်းလုံမြိုနယ်ထဲကို ဒီဇင်ဘာလ ၂၇ရက်နေ့ကတည်းက အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဇန်နဝါရီလ ၈ရက်နေ့ကလည်း ရေကြောင်းကနေ ဝင်လာကာ အင်အား ထပ်ဖြည့်ထားတယ်လို့ နယ်မြေခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေက လောင်းလုံမြို့နယ်ရှိ အောက်ကျောက်ဝပ်ရွာက နေအိမ်တွေကို ထပ်မံမီးရှို့နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)