
ဒီဇင်ဘာလ ၁၉ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်နဲ့ ထားဝယ်မြို့အပြင်ရှိ ကျောက်ရပ်ရွာမှာ နှစ်ရက်ဆက်တိုက် မီးလောင်မှုဖြစ်ပွားတာကြောင့် နေအိမ် ၄ဆောင်မီးလောင် ပျက်စီးခဲ့တယ်လို့ ထားဝယ်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ ၁၈ရက်နေ့၊ ည၁၀နာရီဝန်းကျင်လောက်မှာ ထားဝယ်မြို့၊ ဇရစ်ရပ်ကွက် အာဇာနည်လမ်းရှိ နေအိမ်တစ်ဆောင် မီးစတင် လောင်ကျွမ်းခဲ့ပြီး ည၁၁နာရီကျော်လောက်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဇရစ်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ညက လူတွေက မီး ဆိုပြီးအော်တော့ ထွက်ကြည့်တော့ မီးလုံးကအကြီးကြီးဘဲ့။ မြင်တာနဲ့ ချက်ချင်း မီးသတ်ကားကို ခေါ်လိုက်တာ။ စံချိန်စတိုးနဘေးက ကစားစရာတွေရောင်းနေတဲ့အိမ်ကလောင်တာ” လို့သူကအခုလိုပြောပါတယ်” လို့သူကအခုလို ပြောပါတယ်။
အဆိုပါမီးလောင်မှုဖြစ်ပွားတဲ့ နေရာကို မီးသတ်ယာဉ်နှစ်စီး၊ ပရဟိတယာဉ် ဆယ်စီးကျော်လောက် သွားရောက် ငြိမ်းသတ်ခဲ့ပြီး အဲ့ဒီမီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ညှပ် နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ထားဝယ်မြို့နယ် မီးသတ်ဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၉ရက်နေ့ မနက် ၉နာရီလောက်မှာလည်း ထားဝယ်မြို့ပြင်ရှိ ကျောက်ရပ်ကျေးရွာမနေမှာ အုတ်ညှပ်ပြင်ထောင်အိမ် ၃ဆောင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ထားဝယ်မြို့ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ ဘာကြောင့်လောင်လဲဆိုတာတော့မသိဘူး။ နေအိမ်တွေကတော့ ပြာကျသွားတာဘဲ့။ ကျနော်သိရသလောက်က မီးသတ်ကားတစ်စီးဘဲ့ ရောက်သွားတယ်လို့ ကြားတယ်” လို့သူပြောပါတယ်။
ဒီနေ့ မနက် ၁၀နာရီလောက်မှာလည်း ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးလည်း အနည်းငယ် မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ ထားဝယ်မြို့ရှိ ဒေသခံက ဆက်ပြောပါတယ်။
အဲ့ဒီမီးလောင်မှုဖြစ်စဉ်တွေက ဘယ်လို အကြောင်းကြောင့် မီးလောင်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmarအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ခုနစ်က ထားဝယ်မြို့ပေါ်ရှိ အိုးလုပ်ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၇၀ကျော် မီးလောင်ပျက်စီးခဲ့ဖူးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)