ရွှေမြစန္ဒီကွက်သစ်ထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ဒီဇင်ဘာလ ၁၉ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲကနယ်ကျေးရွာ၊ ရွှေမြစန္ဒီကွက်သစ်ထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂ ရက်ရီလောက်မှာ ရွှေမြစန္ဒီကွက်သစ်ထဲကို စစ်တပ်ဘက်က တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်တာတွေမရှိဘူးလို့ ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

” စစ်တပ်ကလာကြဲတာ၊ ရွာထဲက လမ်းမကြီးပေ်ာကျသွားတယ်၊ လူတော့မထိဘူး၊ ၁လုံးဘဲချသွားတာ၊ ၉ ရက်နေ့ကလည်း သုံးလုံးချသွားတယ်၊ ရွာတောင်ဘက်ခြမ်းကို သုံးလုံးလာကြဲသွားတယ်၊” လို့ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၇ နာရီလောက်မှာလည်း မဲကနယ်ကျေးရွာထဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ခလရ (၂၇၅) ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ မဲကနယ်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးဆီက သိရပါတယ်။

သူက” မနက် ၇ နာရီလောက်ထဲက ပစ်နေကြတာ၊ ရွာထဲမှာ၊ အခုထိအသံကြားနေရတယ်၊ ၂၇၅ ကလည်းလက်နက်ကြီးတွေနဲ့ ပစ်နေတယ်၊ အမတို့လည်း တိုက်ပွဲ ဖြစ်တော့ ရွာထဲကနေ ရှောင်လိုက်တာ၊ အခု၁၁နာရီကျော်တဲ့အချိန်ထိ မရပ်သေးဘူး၊” လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၀ရက်နေ့နဲ့ ၁၁ရက်နေ့ကလည်း ခလရ (၂၇၅) ကနေ မဲကနယ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နေအိမ် (၃) လုံး လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။

မဲကနယ်ကျေးရွာမှာ ဒီဇင်ဘာလ ၄ရက်နေ့လောက်ကစပြီး စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ကျေးရွာဒေသခံ (၅၀၀) ကျော်ဟာ မဲကနယ် သဗ္ဗသုခဓာတ်ပေါင်းစုကျောင်း၊မဲကနယ် မင်္ဂလာရွာဦးကျောင်းနဲ့ဖားချောင်းဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညီလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than(People’s Radio Myanmar)