မြဝတီမြို့ရှိ စစ်ကောင်စီတပ်ရဲ့ခလရ(၂၇၅)တပ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ်

 

ကရင်ပြည်နယ်၊မြဝတီမြို့ အာရှလမ်းမရှိ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၅)တပ်ကို ဒီနေ့ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၈နာရီဝန်းကျင်အချိန်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက် ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီဒရုန်းဗုံးသီးတွေမှာ စစ်တပ်ရဲ့ ခလရ (၂၇၅) တပ်ဝင်းထဲကို ကျရောက်ပေါက်ကွဲတာမျိုး မရှိပဲ စစ်တပ်ဝင်းအနောက်မှာရှိတဲ့ ခြံကွက်အလွတ်တွေထဲကို ဒရုန်းဗုံးသီးကျရောက်ပေါက် ကွဲခဲ့ပြီး ခလရ (၂၇၅) တပ်ကနေ ရပ်ကွက်တွေထဲကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ် နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“၂၇၅တပ်မှာ ၅စင်းလောက်ရှိတယ် ဝိုင်းထားတာပတ်နေတာညကတည်းက အခုလည်း ဒရုန်းကိုလိုက်ပစ်တာ ပစ်တာတောက်လျှောက်ပစ်တာ လက်နက်သံတွေ ဆူညံနေတာက တော့ ခုဏကမှာ ဝဲနေတာကတော့မနက်ကတည်းက အခုကတောက်လျှောက်ပစ်နေတာ ဒရုန်းကအိမ်ကိုမကျဘူး နောက်ကိုကျတာ အနောက်မှာခြံကွက်အလတ်တွေရှိတယ်လေ ရပ်ကွက်ထဲကိုလည်းလက်နက်ကြီးတွေပြန်ပစ်နေတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် သင်္ဃန်းညီနောင်ကျေးရွာတစ်ဝိုက် ဒီဇင်ဘာလ ၁၉ရက်နေ့ မနက်၆နာရီဝန်းကျင် အချိန်မှာလည်း ဒရုန်းဗုံးသီးအမြောက်အများကြဲချတိုက်ခိုက်သံတွေကြားနေရပြီး စစ်တပ်ရဲ့ ဗျူဟာကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေသလို မဲကနယ်ကျေးရွာမှာလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ မဲကနယ်ကျေးရွာနဲ့ ရွာသစ်ကျေးရွာ ကဒေသခံ တွေကဆိုပါတယ်။

မဲကနယ်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးကတော့ “ညီနောင်ရဲစခန်းကို ဒရုန်းနဲ့လာချတယ် အလုံးပေါင်းမနည်းဘူး အဲ့တာကို ဗျူဟာကုန်းကနေလက် နက်ကြီးတွေနဲ့လှမ်းထုတယ် ပြီးတော့လက်နက်ငယ်သံတွေလည်းကြာရတယ် ဒီမနက်တော့အခြေအနေက တော်တော်အဆိုးနေတဲ့အခြေနေမျိုးမှာရှိတယ်ပစ်နေတာလူသံတွေပါကြားနေရတယ် အခုထိပစ်နေတုန်းပဲ အိမ်ရှေ့နားကနေ လက်နက်သံတွေ”လို့သူကပြောပါတယ်။

နောက်ထပ်ရွာသစ်ကျေးရွာကအမျိုးသမီးတစ်ဦးကလည်း “အခုထိဒရုန်းကျတာ ဘယ်မှာကျလို့ ဘယ်မှာကျလည်းမသိရသေးဘူးသူများတွေပြောတာတော့ကြားတယ်ပေါ့ ဗျူဟာမှာကျတယ်ရဲစခန်းမှာတော့မသိဘူးကျင်းပုန်းထဲမှာပဲအိပ်တယ်အလုံးကြီးကတော့ပစ်တော့ပစ်နေတာပေါ့ဒရုန်းကတော့ဘယ်မှာကျဘယ်မှာကျတော့မသိသေးဘူး”လို့သူကပြောပါတယ်။

မြဝတီမြို့နယ်ထဲမှာရှိတဲ့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ်ဂိတ်တွေမှာ မကြာခဏဒရုန်းဗုံးကြဲတိုက်ခိုက်ခံနေရပြီး မြဝတီမြို့မှာ စစ်တပ်နဲ့ KNLAပူးပေါင်း တပ်ဖွဲ့တွေကလည်းနှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ရက်​၊၇ရက်နေ့တုန်းကလညမြဝတီမြို့မရဲစခန်းနှစ်ရက်ဆက်တိုက်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒီဇင်ဘာလ၁၂ရက်နေ့မှာသင်္ဃန်းညီနောင် ဓာတ်အားခွဲရုံဒရုန်းနဲ့ ဗုံးကြဲခံရတာကြောင့်  မြဝတီတစ်မြို့လုံးနီးပါး လျှပ်စစ်မီးပျက်တောက်နေတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than(People’s Radio Myanmar)