
ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမနားမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၁၅ရက်နေ့အထိ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတာပါ။
ဒီဇင်ဘာလ ၁၄ရက်နေ့ ည၉နာရီလောက်ကလည်း အာရှလမ်းနားမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ ခမရ (၉၇) တပ်နဲ့ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
” တိုက်ပွဲကနေ့တိုင်းဖြစ်နေတယ်၊ လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ ရှေ့ရက်ကတော့ နှစ်ရက်လောက်တိုက်ပွဲ ငြိမ်သလိုဖြစ်သွားတယ်၊ မနေ့ညကတော့ ပြန်ချပြီး လှိုင်ဝနဲ့ (၉၇) ကနေ လက်နက်ကြီးနဲ့ပြန်ထုတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အခုလိုတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေပေမဲ့ မြို့ထဲကို ပြန်လည်ဝင်ရောက်နေထိုင်သူတွေရှိနေသလို စစ်ဘေးရှောင်နေအိမ်တွေကနေ ပစ္စည်းဝင်ခိုးတဲ့လူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
” ပြန်ဝင်တယ်ဆိုတာက တစ်ချို့ကျတော့လည်း ဆိုင်ကယ်တွေဝင်ယူတယ်၊ သူတို့ပစ္စည်းတွေပြန်ယူတယ်၊ ကော့ကရိတ်က သူခိုးတွေပေါတယ်၊ ဘယ်အိမ်လူမရှိလဲ တက်ခိုးမဲ့သူကြီးဘဲ၊ ၁၄ရက်နေ့မှာ မြို့ထဲပြန်ဝင်တဲ့လူတွေတော်တော်များတယ်၊ အပစ်ကလည်း ငြိမ်နေတယ်ဆိုတော့၊” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန် စစ်တပ်က ကော့ကရိတ်မြို့အဝင်ထွက်နေရာတွေကို ပိတ်ဆို့ထားပြီး မြို့နားကပ်လာတဲ့ သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာတွေကို ပြုလုပ်နေတယ်လို့ စစ်ရှောင်လာသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
သူက” ညီမအိမ်နားက အသိတစ်ယောက်မနေ့ကဆိုလား ဆိုင်ကယ်နဲ့ ခိုးဝင်တာအင်္ကျီတွေမပါလို့ သွားယူရင်း သူ့အိမ်က ဆိုင်ကယ်တစ်စီးနဲ့ အင်္ကျီတစ်ထုပ်ဘဲ ယူချိန်ရတယ် အလုံးကြီးကျလို့ ပြေးလာရတယ်၊ ဆိုင်ကယ်တွေခိုးလို့ပြန်ယူတာ၊ မြို့ထဲကို ကပ်လို့မရဘူး၊ ပစ်သတ်တယ်၊ စစ်တပ်က ပစ်သတ်တယ်၊” လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၁၅ ရက်နေ့အထိတိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဝင်းကြီး၊ချောင်းတောင်နဲ့ တံတားဦးရပ်ကွက်တွေက နေအိမ် (၁၀၀) ကျော်မီးလောင်ပျက်စီးခဲ့သလို ရပ်ကွက် (၇) ခုက ဒေသခံ (၂၀၀၀၀) ဝန်းကျင်ဟာ ဘေးလွတ်ရာ မြဝတီ၊ဘားအံနဲ့ မော်လမြိုင်မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Cj
Phar Si Than (People’s Radio Myanmar)