
ဒီဇင်ဘာလ ၁၆ ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAပူးပေါင်းတပ်ဖွဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အမှတ်၇ရပ်ကွက်ကနေအိမ်၄လုံးထပ်မံမီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၅ရက်နေ့ ည၁၀နာရီဝန်းကျင်အချိန်မှာ စစ်တပ်ရဲ့ ခမရ၉၇တပ်၊စကခ၁၉၊ နေပူခံကုန်းနဲ့ တောင်ပေါ်ကျောင်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် အမှတ်၇က နေအိမ်တွေပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီးအမှတ်၇ရပ်ကွက်ကနေအိမ်၄လုံးထပ်မံမီးလောင်ခဲ့ပါတယ်။
အခုလိုစစ်တပ်လက်နက်ကြီးတွေအပြင်မီးလောင်ဗုံးတွေနဲ့ပါပစ်ခတ်တာကြောင့် ကော့ကရိတ် မြို့အတွင်းကနေအိမ်အလုံး၄၀ကျော်လောက်မီးလောင်ခဲ့ပြီး နေအိမ်အလုံး၅၀ကျော်လောက် လက်နက်ကြီးထိမှန်ပျက်စီးထားတယ်လို့ကျားဖြူစစ်ကြောင်း၊တပ်ခွဲ၅ Justice Soldier PDFတပ်စု၁ တပ်စုမှူးရဲဘော်Thomasကပြောပါတယ်။
“အမှတ်၇ရပ်ကွက်က အိမ်၄လုံးဆက်လောင်သွားတယ် ၁၀နာရီဝန်းကျင်လောက်က လက်နက်ကြီးပစ်လို့လောင်တာ ပစ်တာကနေပူခံကုန်း၊စကခ ၁၂၊ခမရ ၉၇ ၊တောင်ပေါ် ကျောင်း KNU၊KNLAကနယ်မြေစိုးမိုးထားတော့ တဖြည်းဖြည်းအရှေ့ကိုတိုးတိုးလာတာပေါ့ နော်အဲ့တာကြောင့်သူတို့ကလက်နက်ကြီးနဲပစ်တဲ့အခါကျတော့ရွာသားတွေအိမ်တွေကမီးလောင် နောက်ပိုင်းမီးလောင်ဗုံးတွေပါတယ်တွဲတွဲပစ်တာမီးလောင်တဲ့အိမ်တွေပဲ ဆိုရင်တော့ ၄၀ကျော်လောက်ပြီးလက်နက်ကြီးထိထားတဲ့အိမ်တွေဆိုရင်တော့၅၀ဝန်းကျင်လောက်မှာရှိတယ်”လို့သူကပြောပါတယ်။
အမှတ်၇ ရပ်ကွက်အတွင်းမှာဒေသခံပြည်သူနေအိမ် ၁၅လုံးလောက်မီးလောင်ထားပြီး ကော့ကရိတ်မြို့မဈေးကြီးအနီးမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့သေးတာကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေလည်းရှိတယ် ကော့ကရိတ်မြို့ခံယာဉ်မောင်းတစ်ဦး ကပြောပါတယ်။
“အိမ်ကအမှတ်၇ရပ်ကွက်တံတားဦးအပိုင်းဘက်မှာအိမ်က၁၅လုံးလောက်မီးလောင်တယ် နောက်ပြီးတော့တခြားနေရာတွေကတော့လေ ရှိတဲ့လူတွေကကြည့်လို့မရဲဘူးဖြစ်နေတယ် အစောင့်ကျန်ခဲ့တဲ့လူတွေကတခြားနေရာတွေလည်းနည်းနည်းပါးပါးလောင်တာရှိတယ်ချောင်းသောင်ဘက်မှာလည်းမီးလောင်တာတွေရှိတယ်လို့ကြားတယ်ဈေးကြီးနားမှာနဲ့နာရီစင်နားမှာတိုက်ပွဲဖြစ်တယ်အဲ့နားမှာလည်း လက်နက်ကြီးတွေကျတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင် မြဝတီ−ကောကရိတ်အားရှလမ်းမကြီးမှာလည်း ကားအစီး၂၀၀ နီးပါးလောက် ဆယ်ရက်ကျော်ကြာပိတ်မိနေပြီးအနီးအနားမှာလည်း ဈေးဆိုင်တွေမရှိတာကြောင့် ပိတ်မိနေတဲ့ယာဉ်မောင်းတွေမှာရိက္ခာပြတ်လပ်တာတွေနဲ့ကြုံတွေ့နေရတယ်လိုယာဉ်မောင်းတွေကဆိုပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၁၆ရက်နေ့ထိကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ၊စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ၂၀ကျော်သေဆုံးပြီး နေအိမ်၁၀၀နီးပါးမီးလောင်ပျက်စီးခဲ့တဲ့အပြင် ဒေသခံပြည်သူ၂၀၀၀၀ဝန်းကျင်လောက်က ဘေးလွတ်ရာဘားအံ၊မြဝတီနဲ့ မော်လမြိုင်မြို့တွေဘက်ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းအရင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than(People’s Radio Myanmar)