နတ်တလင်းမြို့အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၂၃ခုနှစ်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့အရှေ့ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတွေ တပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဆီကနေသိရပါတယ်။

ဒီနေ့ဒီဇင်ဘာလ ၁၅ရက်နေ့ မနက်၇နာရီ၃၀မိနစ်အချိန်မှာ နတ်တလင်းမြို့အရှေ့ပိုင်းကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့စစ်သားတွေကို နယ်မြေခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတွေဘက်က ထိခိုက်သေဆုံးမှုရှိပေမဲ့ အတိအကျမသိရှိရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ဒီမနက်ဖြစ်တာကကျွန်တော်တို့အဖွဲ့နဲ့ပါ အကျအဆုံးကိုတော့ မသိရသေးဘူး ဖြစ်တာကတော့ ၇နာရီခွဲလောက်ကပါ အခုမနက်အင်အား(၂၅)ကောင်နဲ့ တက်လာတာ မကျီးပင်ဘက်လည်း အင်အား(၆၀)ကျော်နဲ့ထပ်တက်လာတယ် ကျွန်တော်တို့ဘက်က မိုင်းဆွဲလိုက်တာပါ ခွေးတွေဘက်က အကျအဆုံးရှိပါတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင်မနက်၄နာရီဝန်းကျင်အချိန်မှာတော့ ကားသုံးစီးနဲ့ နတ်တလင်းမြို့အရှေ့ဘက်က အိုးဘိုကုန်းတံတားထိပ်၊ ဗျူဟာလမ်းခွတံတားနဲ့ ဘုရားလေးတောင်ဘက်မှာ စစ်သားအင်အားတွေဖြန့်ကျက်ထားပြီး စစ်ဆေးတာတွေလည်းပြုလုပ်နေသလို မနက်၇နာရီဝန်းကျင်အချိန်လောက်မှာတော့ သေနတ်သံတွေကြားခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ ဒီနေ့ကား(၃)စီးတက်လာတယ် လူခွဲပြီးတော့စစ်တယ် ဖြန့်ပြီးခွဲထားတာစစ်သားတွေကို မနက်၄နာရီခွဲဆိုင်ကယ်နဲ့လာတာ အစ်မတို့တောင်အစစ်ခံရတယ် ယောင်္ကျားလေး တွေကိုအဓိကထားစစ်တယ် ပြီးတော့ဆက်မသွားခိုင်းဘူးနောက်ပြန်လှည့်ခိုင်းတယ် အင်အား(၃၀)ကျော်လောက်တော့ ရှိမယ်ထင်တယ် မှောင်နေတော့သိပ်မပြောတတ်ဘူး ကား(၃)စီးကတော့လူအပြည့်ပဲ ၇နာရီကျော်လောက်ကျတော့အစ်မတို့အနီးအနားမှာ လက်နက်အသံတွေစကြားရတယ်ပစ်သံကတော့ မြို့ပြင်နတ်တလင်းမြို့အရှေ့ဘက် တောမှာ (၄)ချက်(၅)ချက်လောက်ပစ်ပြီးတော့ရပ်သွားတယ်”လို့သူကပြောပါတယ်။

ဒီဇင်ဘာလ၁၀ရက်နေ့တုန်းကလည်း စမ်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့ အင်အား(၃၀)ပါ စစ်ကောင်စီတပ်ကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦးသေဆုံးခဲ့ပါသေးတယ်။

နတ်တလင်းမြို့အရှေ့ပိုင်းမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီးစစ်တပ်စစ်ကြောင်းတွေလည်းအမြဲလိုလိုမိုင်းဆွဲတိုက်ခိုက်ခံနေရတယ်လို့ နတ်တလင်းမြို့ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကနေ အခုဒီဇင်ဘာလအထိ ပဲခူးတိုင်းအတွင်းတိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေကာ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာ လေကြောင်းပစ်ကူတာတွေ ကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)