စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမြစန္ဒီရပ်ကွက်ထဲမှာ ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီး

ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲကနယ်ကျေးရွာ၊ ရွှေမြစန္ဒီရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ခလရ (၂၇၅) ကနေ ရွှေမြစန္ဒီကွက်သစ်ထဲကို နေ့ရောညပါ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးနေတယ်လို့ ဒေသခံအမျိုးတစ်မီးတစ်ဦးက ပြောပါတယ်။

” ဒီမနက်ကတစ်ချက်ငြိမ်တယ်၊ (၁၁) ကျော်လောက်ကတော့ လက်နက်ကြီးနဲ့ပစ်တယ်၊ မနေ့နေ့လည်ကတော့ ၄ နာရီလောက်ရှိမယ်၊ အိမ်တစ်လုံးထိသွားတယ်၊ ညကျတော့ (၄) ချက်ပစ်တယ်၊ အိမ်ထိတာတော့မတွေ့ဘူး၊ (၂၇၅) ကဘဲပစ်များတယ်၊” လို့ မဲကနယ်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။

အခုလို  လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံအများစုဟာ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး မနက်ပိုင်းမှာ ကျေးရွာထဲဝင်ရောက်နေထိုင်ကာ ညဘက်မှာတော့ စစ်ရှောင်ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

သူက ” ရွာထဲမှာ လူတွေကျန်သေးတယ်၊ တစ်ချို့ဆို မနက်လာနေကြပြီး ညနေပြန်ထွက်တဲ့လူတွေလည်း ရှိတယ်၊ အမတို့နားမှာ (၅) အိမ်လောက်ဘဲ လူကျန်တော့တယ်၊ (၃) လမ်းပေါင်းမှ၊ ရွာမှာက လူဦးရေသိပ်မများဘူးလေ၊ ကွက်သစ်ဆိုတော့၊” လို့ပြောပါတယ်။

လက်ရှိအချိန် ​ကျေးရွာဒေသခံ (၅၀၀) ကျော်အတွက် မဲကနယ် သဗ္ဗသုခဓာတ်ပေါင်းစုကျောင်း၊မဲကနယ် မင်္ဂလာရွာဦးကျောင်းနဲ့ဖားချောင်းဘုန်းကြီးကျောင်းမှာ စစ်ရှောင်စခန်းပြုလုပ်ထားပြီး စားနိရိက္ခါတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

” မဲကနယ်၊ကွက်သစ်က လူတွေအားလုံးနီးပါး စစ်ရှောင်စခန်းကိုရောက်နေတာပါ၊ စစ်ရှောင်စခန်းက (၃) ခုပါ၊ ခန့်မှန်းလူဦးရေ (၅၀၀) ကျော်ပါတယ်၊ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ကုန်ခြောက်တွေ လိုအပ်ပါတယ်၊ စစ်ရှောင်တွေထပ်တိုးလာနိုင်တဲ့အခြေအနေကို စောင့်ကြည့်နေရပါတယ်၊” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်တ​လောမြဝတီမြို့ပြင်ကနေ သင်္ဃန်းညီနောင် ကျေးနယ်တစ်ဝိုက်က မဲကနယ်၊ ရွာသစ်၊(၂၇၅)စစ်တပ်နဲ့ ရွေမြစန္ဒီရပ်ကွက်နေရာတွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီကနေ့ဒီဇင်ဘာလ ၁၁ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Cj

Phar Si Than (People’s Radio Myanmar)