
ဒီဇင်ဘာလ ၈ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊မြဝတီမြို့က မြို့နယ်စုပေါင်းရုံးနဲ့ ရှေ့တန်းရုံးဒရုန်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြဝတီမြို့ဒေသခံတွေဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၇ရက်နေ့ ညနေ ၄နာရီ၃၀မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ် လက်အောက်ခံဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့နယ်စုပေါင်းရုံးနဲ့ ရှေ့တန်းရုံးကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေကဒရုန်းဗုံးသီးနှစ်လုံးနဲ့ကြဲချတိုက်ခိုက်ခဲ့ တယ်လို့မြဝတီမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အမြင့်ကနေပစ်ချတာလေ အိမ်ရှေ့ကနေအကုန်မြင်နေရတာလေ ဒရုန်းကပစ် ချနေတာကို ကျတာကတော့ရှေ့တန်းရုံးနဲ့ စုပေါင်းရုံးကိုဒရုန်းက နှစ်လုံးကျတာအသံကြား နေရတယ်”လို့သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့နယ်စုပေါင်းရုံး နဲ့ရှေ့တန်းရုံးဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့ရဲစခန်းကနေ လက်နက်ငယ်တွေနဲ့ ၁၀ချက်နီးပါးလောက်ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ အမှတ်၄ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။
“ ဒရုန်းနဲ့လာပစ်ပြီးတော့ ပြန်ပစ်တာတွေရှိတယ် သိပ်မများတော့ဘူး ၁၀ချက်လောက်ပဲ ဒရုန်းလာပစ်တဲ့အချိန်ကမြင်ရတာတော့ရဲစခန်းအနေအထားလောက်ပဲ မနေ့ကလည်းသေနတ်တွေနဲ့ပြန်ပစ်သေးတယ် ဒီနေ့ဒရုန်းလာချတာကိုတော့ သေချာမြင်လိုက်ရတယ်”လို့သူကပြောပါတယ်။
ဒီဇင်ဘာလ ၆ရက်နေ့ ညနေ ၅နာရီဒရုန်းပျံဝဲချိန်တုန်းကလည်း ကျောက်လုံးကြီးဘုရားမျှော်စင်မှာတပ်စွဲနေထိုင်နေတဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်BGFတပ်ဖွဲ့တွေက သေနတ်တွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့သလို ညနေ ၅နာရီ၄၅မိနစ်အချိန်မှာတော့မြဝတီမြို့မရဲစခန်းနဲ့ မြို့နယ်စုပေါင်းရုံးကို ဒရုန်းဗုံးသီး၃လုံးကြဲချသွားတယ်လို့မျက်မြင်တွေ့ရှိသူတွေကဆိုပါတယ်။
အခုလို့ မြဝတီမြို့မရဲစခန်းဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့ ရဲစခန်းဝင်းအတွင်းမှာ နေထိုင်တဲ့ ရဲမိသားစုဝင် ၃ပုံ၁ပုံလောက်ဟာလည်း စခန်းအတွင်းမနေထိုင်ကြတော့ပဲ မြဝတီတွင်းမှာအိမ်ငှားနေထိုင်နေကြတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၃ရက်နေ့ ည၇နာရီဝန်းကျင်အချိန်တုန်းကလည်း စစ်ကောင် စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတာကြောင့် မြဝတီမြို့က ထိပ်ပိုင်းအရာရှိအပါအဝင် ၆ဦးသေဆုံးခဲ့ပြီး ၁၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက် အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)