
ဒီဇင်ဘာလ ၄ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာနဲ့ အနီးအနားကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ရော Mi(35)ရဟတ်ယာဉ်ပါလာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူထိခိုက်ဒဏ်ရာရတာတွေဆက်ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃ရက်နေ့ မနက်၁၀နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က ချောင်းနှစ်ခွစခန်း ကိုရိက္ခာ၊လက်နက်ခဲရမ်းလာရောက်ပို့ဆောင်ချိန်တောင်ကလေးကျေးရွာနဲ့ လှကဇိုင်းကျေးရွာ တွေဘက်ကိုMi(35)ရဟတ်ယာဉ်နဲ့ရော ဂျက်ဖိုက်တာတွေနဲ့ပါလာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ(၃)ဦးလောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၂)လုံးလည်းမီးလောင်ခဲ့တယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြောပါတယ်။
“အခြေနေကတော့ဒီနေ့လေယာဉ်(၃)စီးနဲ့ပေါ့ရွာဘက်ကိုဆင်းပစ်တယ်ရွာနားရောတောက်လျှောက်ပေါ့လှကဇိုင်းဘက်တို့ ချောင်းနှစ်ခွဆိုလည်းရွာပတ်လည်နယ်တစ်ခွင်လုံး တောင်ကလေးဘက်ရော ပစ်ပြီးတော့ရိက္ခာတွေစခန်းအတွက်ချသွားတာလေယာဉ်ပေါ်ကနေချသွားတာတော့တွေ့လိုက်တယ်လာတာကဂျက်(၁)စီး၊ ပုစဉ်း(၁)စီး၊ ထောက်ပို့(၁)စီးထိတာကတော့ တောင်ကလေးဘက် လှကဇိုင်းတစ်ကြောမှာထိတာ ရွာသား(၃)ယောက်ကပေါ့ မီးလောင်တာကတော့ ချောင်းနှစ်ခွရဲစခန်းနားက(၂)အိမ်လောင်တယ်”သူကပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၃ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချမယ်ဆိုကာ တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာကျေရွာသားတွေကို ပစ္စည်းဝင်ယူခွင့်ပေးပြီး လမ်းတွေကို လည်းအပြီးပိတ်ထားလိုက်တယ်လို့တောင်ကလေးကျေးရွာသားတစ်ဦးကပြောပါတယ်။
“တောင်ကလေးအရှေ့စုဘက်ခြမ်းကသူတွေကိုပေးပြောင်းခိုင်းနေတယ် ပစ္စည်းဝင်ယူခွင့်ပေးတယ် ပြီးတော့လမ်းပိတ်လိုက်တယ် လမ်းပိတ်တဲ့ဟာတွေနဲ့အဲ့ဒီနားကိုမပေးသွားတော့ဘူး အဲ့ကပြောင်းတဲ့သူတွေပြောတာတော့ သူတို့ဒီဘက်နေရာယူမယ်ဆိုပြီးတော့ပေးပြောင်းခိုင်း တာတဲ့အရင်ကဆိုလမ်းကဖွင့်ထားသေးတယ် ဘုရားစုကလုံးဝပိတ်လိုက်ပြီ” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်ချိန်တုန်းကလည်းလှကဇိုင်ကျေးရွာက ဘုန်းကြီးကျောင်းလည်းဗုံးစထိမှန်ခဲ့သေးတယ်လို့ တောင်ကလေးကျေးရွာသူတစ်ဦးကဆိုပါတယ်။
ဒီဇင်ဘာလ ၁ရက်နေ့တုန်းကလည်း ကျိုက်မရောမြို့နယ်မိကသစ်ရွာကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်တော်(၄၂)နှစ်ရှိတဲ့ ဦးဇင်းတစ်ပါးပျံလွန်တော်မူခဲ့ပြီး ဒီနေ့၄ရက်နေ့ထိကိုလည်း ချောင်းနှစ်ခွရွာအနီးတစ်ဝိုက်မှာ ပစ်ခတ်တာတွေဆက်ရှိနေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၀ရက်နေ့ကနေ အခုဒီဇင်ဘာလ ၄ရက်နေ့ထိကို နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ပွားတာ၊ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဦးဇင်းတစ်ပါးပျံလွန်တော်မူကာ ကလေး(၂)ဦးသေဆုံးခဲ့ပြီး နေအိမ်အလုံး(၄၀)လောက် မီးလောင်ပျက်စီးခဲ့သလို ဒေသခံ(၄၀၀၀)ဝန်းကျင်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)