ကော့ကရိတ်မြို့မှာ (၄)ရက်ဆက်တိုက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာကို ဆက်တိုက်ပြုလုပ်နေ

ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဘက် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ​ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာဖို့ကို KNU တပ်မဟာ (၆)ကသတိပေးစာ ထုတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့မနက် ၅ နာရီလောက်စပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။

ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာလည်း ကော့ကရိတ်မြို့ထဲက တံတားဦးရပ်ကွက်နဲ့ ဝင်းကြီးရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်ကလည်း မနက် ၁၀ နာရီကျော်လောက်မှာ တံတားဦးရပ်ကွက်ကို လေကြောင်းကနေ ဗုံးသီး (၂)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။

” အခုချနေပြီး၊ လေယာဥ်နဲ့၊ မနေ့ကတော့ ငြိမ်နေတယ်၊ ဒီမနက်မှာစချတာ၊ အခုဆိုရင် တံတားဦးက လူတွေကို တစ်ယောက်မကျန်အပြင်ထွက်ခိုင်းလိုက်ပြီး၊ ဝင်းကြီးရောဘဲ၊ အမှတ်(၂) ဝင်းကြီးနတ်ဆင်နားမှာလည်း စကစတွေက ကင်းယူထားတယ်၊ တံတားဦးကို လေယာဥ်နဲ့ (၂) လုံးချတာ၊ အခုစျေးနားနဲ့ အောက်ရွာနားလောက်မှာဘဲ လူတွေနည်းနည်းကျန်တော့တာ၊” လို့ ကော့ကရိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့နဲ့ အနီးနားကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံပြည်သူ (၁၀) ဦးနီးပါး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ ဝင်းကြီးရပ်ကွက်မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

”  လူတော်တော်များများသေကြတယ်၊ မြို့ထဲမို့ပြင်အားလုံး၊ တစ်ချို့အိမ်တွေဆို တစ်အိသားစုလုံးသေတယ်၊ သပြေကုန်းကျေးရွာမှာ(၅) ယောက်သေတယ်၊ အလယ်ရွာမှာတစ်ယောက်သေတယ်၊ အ.ထ.က (၁) ကျောင်းနားမှာ (၃) ယောက်သေတယ်၊ ဝင်းကြီးအသုတ်ဆိုင်ကတစ်ယောက်သေတယ်၊ မြို့တော်ဦးမှာလည်း တစ်ယောက်သေတယ်၊စစ်တပ်က (၃) ယောက်သေတယ်၊ မျက်မြင်ကိုယ်တွေ့၊” လို့ ဝင်းကြီးရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး စစ်ကောင်စီတပ်ဘက်ကနေ ကော့ကရိတ်မြို့နဲ့ အနီးအနားကျေးရွာတွေဘက်က ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကော့ကရိတ်မြို့ထဲက ဒေသခံ ရှစ်ထောင်ကျော်ဟာ မြဝတီ၊ ဘားအံနဲ့ မော်လမြို့မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကော့ကရိတ်မြို့ဘက်ကို ပြန်လာရင် ပစ်မိန့်ပေးထားတယ်လို့ ဘားအံမြို့ကို ထွက်ပြေးတိမ်းရှောင်သွားသူတစ်ဦးက ပြောပါတယ်။

” ဝင်းကြီးရပ်ကွက်က ခန့်မှန်းခြေလူ တစ်ထောင်ကျော်လောက်ရှိမယ်၊ တံတားဦးက သိပ်မများဘူး၊ (၅၀၀) ကျော်လောက်ရှိမယ်၊ ပြေးကြတာကတော့ မြဝတီနဲ့ မော်လမြိုင်နဲ့ ဘားအံနဲ့ကိုပြေးကြတယ်၊ နဘူးလမ်းကနေသွားရတယ်၊ လမ်းမှာ BGF တွေစစ်သေးတယ်၊ အသွားဘဲရမယ် အပြန်မရဘူး ပစ်မိန့်ပေးထားတယ်လို့ပြောတယ်၊” လို့ ကော့ကရိတ်မြို့ကနေ ဘားအံမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်သွားသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၄ ရက်နေ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်  ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ အံဖလေး၊အံဖကြီး၊ တတန်ကူး၊ကမိုင်ကုန်း၊ ကော့နွဲ့နဲ့ တောနောရေတံခွန်ဘက်က ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ဒဏ်ရာရရှိတာတွေ ဖြစ်ပွားနေပေမဲ့ စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Social Media

Phar Si Than (People’s Radio Myanmar)