ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးတွေနဲ့ ညတိုင်းပစ်ခတ်နေ

နိုဝင်ဘာလ ၂၇ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ညတိုင်းပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ နိုဝင်ဘာလ အစပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက်နဲ့ အနီးနားကျေးရွာတွေ ဖြစ်တဲ့ ချောင်းတောင်၊ ကမိုင်ကုန်း၊ ကြောင်သျှာကုန်း၊ ကော့နွဲ့နဲ့ တံတားဦးကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ည၈ နာရီလောက်ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၆) ကနေ လက်နက်​ကြီးတွေနဲ့ ည ၁၁ နာရီကျော်တဲ့အထိ ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်ခဲ့သေးတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

“ညက ပစ်လိုက်နားလိုက်ဘဲ ၊၈နာရီလောက်ကစပြီး ပစ်တာ၊ ပစ်လိုက်နားလိုက်နဲ့ ၁၁ နာရီကျော်သွားတယ်၊ (၉၇) ကဘဲပစ်တာ၊ လမ်းဟောင်းဘက်ကို အများဆုံးပစ်ကြတာ၊ ညကလူထိတာတွေတော့မရှိပါဘူး၊ ရမ်းပြီးပစ်ကြတာပါဘဲ၊” လို့ ကော့ကရိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) ကနေ မြဝတီ-ကော့ကရိတ်လမ်းဟောင်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အောက်ဘိုတဲက နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

အလားတူ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခလရ (၅၄၅) တပ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ကျုံဒိုးမြို့ဒေသခံတွေဆီက သိရပါတယ်။

” ညကပစ်တယ်၊ ကမ်းနီဘက်ကိုပစ်တာပါ၊ ၁၀ နာရီကျော်တဲ့အထိပစ်တာ၊ ပြီးတော့ ငြိမ်သွားတယ်၊” လို့ ကျုံဒိုးမြို့ဒေသခံက ဆိုပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့မှာ စစ်ကောင်သီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေး အခြေနေတင်းမာနေသလို မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကော့ကရိတ်မြို့ဒေသခံတွေဟာ နေရပ်ပြောင်းရွှေ့ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

အခုလို နေရပ်ပြောင်းရွှေ့ထွက်ပြေးနေရတာကြောင့် ကော့ကရိတ်မြို့ထဲမှာ စျေးဆိုင်ခန်းတွေ ပိတ်နေပြီး အသီးအရွက်တွေ ဝယ်ယူလို့မရတော့ဘူးလို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

” အခု စျေးထဲမှာလည်း လူမရှိတော့ဘူး၊ ကြက်သားတို့၊ ဝက်သားတို့က ဝယ်လို့ရသေးတယ်၊ အသီးအရွက်တွေက ဝယ်လို့မရတော့ဘူး၊ စျေးထဲမှာ ဆိုင်တွေလည်းမဖွင့်တော့ဘူး၊” လို့ သူကပြောပါတယ်။

ကရင်ပြည်နယ်ထဲက ဘားအံနဲ့ လှိုင်းဘွဲမြို့ကအပ ကျန်မြို့နယ် (၅) မြို့နယ်မှာ စစ်ကောက်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူ (၅၀) ရာခိုင်နှုန်းကျော်ဟာ အခြားဘေးလွတ်ရာကျေးရွာနဲ့ မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Albino Tiger Column P-P29909

Phar Si Than (People’s Radio Myanmar)