စစ်ကောင်စီတပ်စခန်းကို  ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်ပစ်ခတ်

နိုဝင်ဘာလ ၁၀ရက်၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်တပ်တွေကသွားရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ အရာခံဗိုလ်တစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့၊ ညနေ (၅) နာရီ (၁၀) မိနစ်လောက်မှာ စစ်တပ်ရဲ့ ခမရ (၅၅၈) တပ်ရင်းကို ဒေသတော်လှန်ရေးတပ်တွေက သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀လောက် ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ သွားပစ်တဲ့ နေရာက တပ်ရင်းနဲ့ မလှမ်းမကမ်းနေရာပါ။ အင်အားကတော့ သေချာမပြောတတ်ဘူး။ ကျနော်တို့က ပျောက်ကြားသွားပစ်တာပါ” လို့သူကအခုလို ပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အရာခံဗိုလ်တစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး (၆)ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ စစ်တပ်ဘက်က သေဆုံး၊ ထိခိုက်ကို မြေပြင်သတင်းပေးချက်အရ သိရပါတယ်။ ကျနော်တို့ဘက်ကလည်း ဆုတ်ခွာတဲ့အချိန်မှာ ရဲဘော်တစ်ဦး ကျည်ထိပြီးကျဆုံးသွားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ရဲ့ အမတ (၃၀၆) တပ်ရင်းကနေ ကမ္မလိုင်းရွာနဲ့ တမုတ်ချုံးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၉) ရက်နေ့ကလည်း နေ့လည် ၁၁နာရီ မိနစ်၂၀လောက်မှာ စစ်ကောင်စီတပ်ရဲ့ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

“ ကျနော်တို့ အဓိက တိုက်ခိုက်မှုပြုလုပ်တာက ဇဝဲတပ်ရင်းရဲ့ တပ်ရင်းမှူးအိမ်ကိုပါ။ ဗုံးကတော့ တစ်လုံးဘဲ တိုက်ခိုက်ခဲ့တာပါ။ ခြောက်လှန့်တဲ့ ပုံစံမျိုးလောက်ဘဲ လုပ်တာ” လို့သူက ပြောပါတယ်။

အဆိုပါ ဗုံကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို Dragon Squad၊ တနင်္သာရီကာကွယ်ရေး ပြောက်ကျားအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ တနင်္သာရီရိုးမ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့ နိုဝင်ဘာလ (၄) ရက်နေ့နဲ့ (၆)ရက်နေ့တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက် (၆)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)