ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ထက်မံဖြစ်ပေါ်လာနိုင်တာကြောင့် ဒေသခံပြည်သူတစ်ချို့ နေရပ်စွန့်ခွာထွက်ပြေးနေကြ

အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေ ​ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံပြည်သူတစ်ချို့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄) ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ​လက်နက်ကြီး ကျေးရွာတွေဘက်ကို ပစ်ခတ်လေ့ရှိတာလည်း ဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့​နောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေကြောင့် ကြာအင်းကုန်းနဲ့ တံတားဦးရပ်ကွက်က ဒေသခံပြည်သူအများစုဟာ မြဝတီမြို့ဘက်နဲ့ တစ်ခြားမြို့ဘက်တွေကို နေရပ်စွန့်ခွာထွက်ပြေးနေကြတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။

” မြို့ထဲကလူတွေကတော့ ပြေးကုန်ပြီး၊ တိုက်ပွဲပြန်စမယ်လို့လည်းကြားတယ်၊ အများဆုံးကတော့ ကြာအင်းကုန်းနဲ့ တံတားဦးဘက်ကပြေးတယ်၊ ရဲစခန်းနားကလူတွေနဲ့ သူဌေးတွေလည်း ပြေးကြတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်က မြို့ထဲမှာလည်း ကင်းလှည့်တာတွေ အနီးတစ်ဝိုက်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို မကြာခဏပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။

” ညကလည်း လက်နက်ကြီးနဲ့ ရမ်းပစ်တာ ၉၇ ကနေ၊ ကင်းပတ်တာတွေလည်း ရှိသေးတယ်၊ ကားနဲ့က နည်းတယ်၊ လမ်းလျှောက်ပြီး ပတ်တာက များတယ်၊ တိုက်ပွဲတော့ မဖြစ်သေးဘူး၊ ဒီနေ့မနက်မှာ ငြိမ်နေတယ်၊”လို့ ကော့ကရိတ်မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရှေ့တန်းနေရာတွေမှာ ဆက်ရှိနေကြသေးတယ်လို့ KNLA သတင်းအရင်းမြစ်တွေနဲ့ ပြောစကားအရ သိရပါတယ်။

” အခြေအနေကတော့ ကျွန်တော်တို့ ရဲဘော်တွေအကုန်လုံးက အရှေ့မှာဘဲ ရှိသေးတယ်၊ တပ်ပြန်ဆုတ်တာလည်း မရှိသေးဘူး၊ တိုက်ပွဲကလည်း မပြီးသေးဘူးဆိုတော့လေ၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၇) ရက်နေ့က ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ကြီးကြီး (၁) ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်ထဲက မြဝတီမြို့နဲ့ လှိုင်းဘွဲမြို့မှအပ ကျန်မြို့နယ် (၅) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)