ကုန်းပေါ်ကြီးကူးတို့ဆိပ်မှာရှိတဲ့ စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရမိ

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာ ကုန်းပေါ်ကြီးကူးတို့ဆိပ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး တပ်ဖွဲတို့ အထိုင်ချထားတဲ့ တပ်စခန်းကို ဝေါမြို့နယ်ရှိ တော်လှန်ရေးအင်အားစုမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်မှာ လက်ပံကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ​ပျူစောထီးတို့တပ်စွဲထားတဲ့နေရာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပဲခူးတိုင်းပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံက ပြောပါတယ်။

“သူတို့ကို ကျွန်တော်တို့စီးနင် တိုက်ခိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကော ပျူစောထီး တပ်ဖွဲ့ဝင်တွေကော ရှိနေတယ် ရှိနေတာကို ကျွန်တော်တို့ဘက်ကနေပြီးတော့ ဝက်ရောက်စီးနင်း တိုက်ခိုက်လိုက်တဲ့ အချိန်မှာစစ်ကောင်စီတပ်သား ၁ ဦး သေတယ် ပျူစောထီး ၂ ဦး ဒဏ်ရာရတယ်” လို့ သူကပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်မှ G-3 တစ်လက် ၊ကျည်ဘောက်၄ ဘောက်၊ ၇.၆၂ ကျည် ၆၂ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ပဲခူးတိုင်း ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံကဆိုပါတယ်။

“ခန့်မှန်းအင်အားကတော့ ၃၀ လောက်ရှိမယ်လို့ခန့်မှန်းရတယ် ဒါက သူတို့တပ်စွဲထားတဲ့သဘောပါပဲ စစ်စခန်းငယ်ပေါ့ ကျွန်တော်တို့ဘက်ကသွားရောက်ရှင်းလင်းခဲ့တဲ့အခါမှာ တိုက်ပွဲငယ်ဖြစ်တယ်ဖြစ်ပြီးတဲ့ အခါမှာ ကျွန်တော်တို့ဘက်ကအရေးသာပြီးတော့ သူတို့ဘက်ကအရေးနိမ့်တော့ ကျွန်တော်တို့ဘက်က သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခုရတယ်၊ 7.62 ကျည်တောင့် ၆၀ ကျော်ရတယ်၊ လက်ပစ်ဗုံး တစ်လုံးကိုလည်း ကျွန်တော်တို့ဘက်ကသိမ်းဆည်းရမိပါတယ်”လို့ဆိုပါတယ်။

စီးနင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် မနက် (၁၀) နာရီအချိန်လောက်မှာတော့ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်ရဲ့ သိမ်ဇရပ် အမတ (၃၁၀) မှ ၈၁ မမ လက်နက်ကြီး (၆) လုံးပစ်ခတ်ခဲ့ရာ ဝေါမြို့နယ်၊ ပေါက်တန်းရွာရှိ ကျွန်းရွှေဝါသောင်အတွင်းကို (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိဘဲ စပါးခင်းတွေ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

နေ့လယ်ဘက်အချိန်မှာလည်း စစ်‌ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က လက်ပံကျေးရွာကို မြစ်ကျိုး စံပြကျေးရွာကတဆင့် ဆိုင်ကယ် (၃) စီး၊ အိမ်စီးကား (၂)စီး၊ Faw ကားကြီး (၁) စီးနဲ့ရောက်ရှိလာပြီး လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ဆိုပါတယ်။

ဝေါမြို့နယ်အတွင်းကကျေးရွာတစ်ချို့မှာတော့ တိုက်ပွဲဖြစ်ပွားတာမျိုးရှိပေမဲ့ ဝေါမြို့ပေါ်မှာတော့ လက်နက်​ကြီးပစ်ခတ်တာတွေ၊ တိုက်ပွဲဖြစ်ပွားတာတွေ၊ စစ်ဆေးတင်းကြပ်တာမျိုးတော့မရှိဘူးလို့ ဝေါမြို့က ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတက် အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကြောင်းတွေမှာ မကြာခဏကြားဖြတ်တိုက်ခံနေရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံ​နေရတာအပြင် စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ သတင်းပေးသူတွေမှာလည်း မကြာခဏ ရှင်းလင်းခံနေရတယ်လို့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)