ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီး

စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ ကျောင်းနိမ့်ကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လူလတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ပုလောမြို့နယ်အခြေစိုက် ခလရ ၂၈၅ တပ်ရင်းကနေ ကျောင်းနိမ့်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အသက် ၄၀ အရွယ်ဝန်းကျင်ရှိ ကိုရဲဝင်းဆိုသူ သေဆုံးခဲ့တယ်လို့ ‌KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“၂၈၅ ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်။ အသက် ၄၀ အရွယ်ရှိ လူတစ်ယောက် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတယ်” လို့ သူကအခုလိုဆိုပါတယ်။

စစ်တပ်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် ကျောင်းနိမ့်ရွာထဲ လက်နက်ကြီး ၇ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရဲဝင်းရဲ့ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတဲ့အချိန် အဆိုပါအိမ်အတွင်း တခြားမိသားစုဝင်တွေမရှိတာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ KHRG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆက်ပြောပါတယ်။

“သူ့အိမ်လည်း ထိခိုက်ပျက်စီးခဲ့တယ်။ အခင်းဖြစ်ပွားတဲ့အချိန် တခြားမိသားစုဝင်တွေ မရှိတဲ့အတွက် အခြားထိခိုက်ဒဏ်ရာရသူတော့မရှိဘူး” လို့သူက အခုလိုပြောပြပါတယ်။

ပုလောမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ ၂၈၅ တပ်ရင်းတွေက လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ခဲ့ တာကြောင့် ပုလောမြို့နယ်ရှိ ရွာတွေက ဒေသခံ ၂၀၀၀ ကျော် တောတောင်တွေနဲ့ နီးစပ်ရာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်က ရိက္ခာသယ်ယူခွင့် ပိတ်ထား တာကြောင့် ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေလည်း ဖြစ်နေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

“ပုလောမှာက လက်နက်ကြီးထုတာက နေ့တိုင်းနီးပါးဘဲ။ ရွာထဲတောင်ပြန်ဝင်လို့ အဆင်မပြေကြဘူး။ တော်တော်များများ ပြန်မလာရဲဘူး။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ သေတဲ့သူလည်း တော်တော်များနေပြီး။ အိမ်တွေလည်းပျက်စီးကုန်ပြီး” လို့ သူကအခုလို ပြောပါတယ်။

အခုလက်ရှိအချိန်မှာတော့ ပုလောမြို့နယ်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေငြိမ်သက်နေသလို အခုရက်ပိုင်းအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု မရှိဘူးလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ မထီမဲ့မြင်ပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်တွေက အရပ်သားပြည်သူ ၁၀၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – KHRG

Phar Si Than (People’s Radio Myanmar)