
စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ မြို့အဝင်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက် ခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ (၁) ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့၊ မနက် ၈ နာရီအချိန်လောက်မှာ တနင်္သာရီမြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်အနီး အင်အား ၁၀ ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်ခရိုင်တပ်ရင်း၂ တပ်ခွဲ (၂) နဲ့ တနင်္သာရီ ပကဖတို့က သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။
“သူတို့က ၂၀၂၂၊ ၇ လပိုင်းလောက်ကတည်းက တပ်စွဲထားတာ။ စစ်ဆေးရေးဂိတ်ချထားတာပေါ့။ အင်အားက ၅ ယောက်နဲ့ ၁၀ ယောက်ကြား ပုံမှန်ရှိတယ်။ အရင်ကဆို ဟိုဘက် တံတားထိပ်ရော၊ ဒီဘက်ထိပ်မှာပါ ရှိတယ်” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုရှိပေမယ့် အသေးစိတ်အခြေအနေကိုတော့ အတည်မပြု နိုင်သေးပါဘူး။
အဲ့ဒီ စစ်တပ်စစ်ဆေးရေးဂိတ်က လမ်းသွားလမ်းလာပြည်သူတွေကို ငွေကြေးကောက်တာ၊ စစ်ဆေး ဖမ်းဆီးတာနဲ့ ပြည်သူတွေရဲ့ ရိက္ခာနဲ့ တန်ဖိုးရှိပစ္စည်းတွေကို သိမ်းယူတာတွေ လုပ်ဆောင်နေတာမျိုး ရှိတယ်လို့ တနင်္သာရီမြို့နယ်က ဒေသခံကဆိုပါတယ်။
“သူတို့က မသင်္ကာတဲ့သူဆို ဖမ်းတယ်။ ခရီးသွားကားတွေလည်း ပိုက်ဆံတောင်းတယ်။ ဆန်အိတ်တွေ ကိုလည်း သူတို့သတ်မှတ်ထားတဲ့ နှုန်းထက်ပေးမတင်ဘူး။ ဆန်အိတ်တွေနဲ့ ဆီကတော့ အများဆုံး သိမ်းခံရတာပေါ့။ ဆီတင်လာတဲ့ကားတွေကိုလည်း သိမ်းပါတယ်” လို့ သူကပြောပြပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး တနင်္သာရီမြို့နယ်၊ လေသာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်သားတွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဘန်လောရွာက အိမ်တစ်ဆောင် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လယ်တောင်ရွာ၊ ဘန်းသဲရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ လယ်တောင်ရွာ ဒေသခံကဆိုပါတယ်။
“လက်နက်ကြီးထုတာက အချက် ၂၀ လောက်ရှိမယ်။ လေသာတောင်ပေါ်မှာက ဘယ်က စစ်သားတွေလဲတော့မသိဘူး။ လက်နက်ကြီးကတော့ အမြဲပစ်တယ်။ ဘန်လောမှာတော့ အိမ်တလုံး ထိပြီး ခေါင်မိုးတွေပါပြိုသွားတာ။ ရွာထဲလည်း လာကျတယ်။ ပစ်တာက တနေကုန်ပစ်နေတာ”လို့ သူကပြောပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ကလည်း ညအချိန်အထိ လက်နက်ကြီးတွေနဲ့ ဘန်လောရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ သိမ်ခွန်းရွာ၊ အထက်ကွမ်းသီးတောရွာ၊ သဲဖြူရွာ၊ အမှတ်(၉)ရွာ၊ အမှတ်(၈)ရွာ စတဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်တပ်က ရိက္ခာသယ်ယူခွင့် တွေကို ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ရိက္ခာပြတ်လပ်မှုတွေ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်နေတဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
“အရင်ကတော့ ဆန်ကိုဘဲ အကန့်အသတ်နဲ့ သယ်ရတာ။ အခုက ကုန်ခြောက်တွေပါသယ်လို့ မရတော့ဘူး။ ပစ္စည်းလေးတစ်ကြိမ်သယ်ရဖို့ တောင်းပန်ပြီးပြောယူရတယ်။ ပိုက်ဆံလည်း တောင်းတာပေါ့။ မပေးမချင်း သွားခွင့်မပေးဘူး” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း တပ်စွဲထားတဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သုံးဦးကျပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
အခုလက်ရှိမှာလည်း ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်စစ်ရေး အခြေအနေတင်းမာနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိရှိသွားလာဖို့နဲ့ မလိုအပ်ပါက ခရီးသွားလာခြင်းမပြုပါရန် ဒေသကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)