BGF-တပ်နယ်(၂) ကတပ်သားတစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ဆီကို လာရောက်အလင်းဝင်

သြဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်းဆီကို စစ်ကောင်စီတပ်လက်အောက်ခံ BGF-တပ်နယ်(၂) ကတပ်သားတစ်ဦး ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့ လာရောက် အလင်းဝင်ခဲ့တယ်လို့ ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူမှာ အသက် ၃၆ နှစ်အရွယ် တပ်သားအောင်ကိုဦးဖြစ်ပြီး သူနဲ့အတူ M16-A1 သေနတ်တစ်လက်၊ ကျည်ဘောက် ၅ ခုနဲ့ ၅.၅၆ ကျည် ၁၅၀ တောင့်ပါလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်ချုပ်ချယ်တာတွေကို မနှစ်သက်တာကြောင့် လာရောက် အလင်းဝင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

သြဂုတ်လ တစ်လအတွင်း ကော်ဘရာစစ်ကြောင်းဆီကို စစ်ကောင်စီတပ်ဘက်က အလင်းဝင်ရောက်လာသူ သုံးဦးထိရှိလာပြီး အလင်းဝင်ရောက်လာသူတွေ လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ Cobra Column မှ ဗိုလ်ဒါဘောက ပြောပါတယ်။

“တစ်လ အတွင်းမှာဆို ၃ ယောက်ပေါ့၊ ဒီ BGF ကတစ်ယောက်၊ စစ်တပ်က ၂ ယောက်၊ သူတို့ကို ပြည်သူ့ရင်ခွင်ကိုအပ်မှာပေါ့၊ ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ထားတယ်၊ အခုလောလောဆယ်တော့ ကျွန်တော်တို့ဆီမှာ ထားထားတယ်၊ သူတို့မိသားစုကတော့ ရွာတွေမှာ လုံခြုံတဲ့နေရာမှာရှိတယ်”ျ လို့ သူကပြောပါတယ်။

အခုလို အလင်းဝင်ရောက်လာသူတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိုင်းဘတ်ငွေ ဘတ် ၅၀၀၀၀ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မြဝတီမြို့အနီး လက်ခတ်တောင်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းထားတာ ၁ လကျော်ကြာနေပြီး စစ်ကောင်စီတပ်က လက်ခတ်တောင်ကို ပြန်လည်သိမ်းယူနိုင်ဖို့ကြိုးစားနေတာမှာ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန် လက်ခတ်တောင်အနီးတစ်ဝိုက်မှာ တိုက်ပွဲငြိမ်သက်နေတာ ၁ ပတ်နီးပါး ကြာနေပြီးဖြစ်ကာ စစ်ကောင်စီတပ်ဘက်က ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်ဒါဘောက ဆက်ပြောပါတယ်။

“စစ်ရေးကတော့၊ ထိုးစစ်မဆင်တာ ၁ ပတ်လောက်ရှိပြီပေါ့၊ အရင်ကတော့ တောက်လျှောက် ထိုးစစ်ဆင်တာပေါ့၊ အထိနာသွားတဲ့အခေါက်မှာ အခုထိတော့ ထိုးစစ်မဆင်တာ ၁ ပတ်လောက်ရှိပြီး၊ ကြိုတင်ပြင်ဆင်နေတယ်လို့တော့ ကြားတယ်ပေါ့နော်၊ ရန်သူဘက်က” လို့ သူကပြောပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေ သိမ်းယူထားတဲ့ လတ်ခတ်တောင်တပ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူနိုင်ဖို့အတွက် လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေကြောင့် သာသနိကအဆောက်အအုံတွေ ထိခိုက်ပျက်စီးနေတယ်လို့ Cobra Column ကသတင်းထုတ်ပြန်ထားပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ဒူးပလာယာခရိုင်၊သတင်းနှင့်ပြန်ကြားရေး

Phar Si Than (People’s Radio Myanmar)