
ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ သင်္ကန်းတုံးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့၊ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဟိန္ဒားကျေးရွာဘက်ကနေ ဝကုန်းကျေးရွာဘက်ကို လမ်းမကြီးအတိုင်းဆင်းလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို သင်္ကန်းတုံးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့အချိန်က မွန်းတည့် ၁ နာရီလောက်မှာ။ သူတို့က ဟိန္ဒားဘက်ကနေ ဝကုန်းဘက်ကို ထွက်လာတာ။ ကျနော်တို့က သင်္ကန်းတုံး တံတားအနားမှာ မိုင်းဆွဲတာ။ အင်အားက ၁၀၀ ကျော်လောက်ရှိတယ်” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေအကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ကြာ ဖြစ်ပွားခဲ့တယ်လို့ အရှေ့တောရွာက ဒေသခံတစ်ဦးကဆိုပါတယ်။
“မိုင်းဆွဲပြီးလို့ အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်၊ မိနစ် ၂၀ လောက်လို့ပြောပေမယ့် ကျနော်တို့ရွာကနေ လက်နက်ကြီးထုသံတွေကြားနေရတာ ၂ နာရီလောက်ရှိတယ်။ နောက်မှ ပစ်တာက စစ်တပ်ဘက်က ပစ်တာပေါ့” လို့ သူကပြောပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်ကတော့ ၄ ဦးလောက် သေဆုံးမှုရှိနိုင်တယ်လို့ ကနဦးသိရပေမယ့် အရေအတွက်အတိအကျကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
အဆိုပါစစ်ကြောင်းက ဟိန္ဒားကျေးရွာဘက်ကနေထွက်လာတဲ့အချိန် ဝကုန်းရွာက အမျိုးသားနှစ်ဦးကို စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး မိုင်းဆွဲခံရပြီးနောက်မှာတော့ အဲ့ဒီရွာသားနှစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဝကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက မေတ္တာနယ်မြေစခန်းနဲ့ ကျောက်မဲ့တောင်စခန်းက ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီကနေသိရပါတယ်။
အခုလက်ရှိအချိန်မှာတော့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက လိပ်ကြယ်ပြောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာရှိနေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတာကြောင့် အရှေ့တောနယ်ရှိ ကျေးရွာတွေဖြစ်တဲ့ ဝကုန်း၊ ဘဝပင်၊ သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်စတဲ့ရွာတွေက ဒေသခံ ၁၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အရှေ့တောနယ်က စစ်ဘေးရှောင်ကူညီပေးနေသူရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)