
ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ရေဖြူမြို့နယ်နဲ့ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီတပ်တွေက ဝဇွမ်းတောကျေးရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ တချို့အိမ်တွေကိုလည်း ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ရေဖြူမြို့နယ်ထဲရှိ ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး၊ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ ဝဇွမ်းတောကျေးရွာထဲကို ဝင်ရောက်ကာ နေအိမ် ၃လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့က တစ်ရွာဝင်တစ်ရွာထွက်နဲ့ စစ်ကြောင်းထိုးနေတာ။ အခုလည်း ကျမတို့ရွာထဲမှာ အိမ်တွေ မီးရှို့သွားတယ်လို့သိရတယ်။ ရွာထဲကိုပြန်ဝင်ဖို့ မဖြစ်နိုင်သေးတဲ့ အနေအထားမို့ ဘယ်သူ့အိမ်တွေပါသွား တယ်ဆိုတာမသိရဘူး။ အကုန်လုံးကတော့ စိတ်သောက ရောက်နေကြရတာပေါ့” လို့ သူကပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေက တောနင်းရှာဖွေနေတဲ့အချိန် ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ပြီး ဒေသခံတွေဆီက ရွှေတွေယူဆောင်သွားတဲ့အပြင် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးလည်း ကျည်ရှထိဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်ကူညီနေတဲ့ သူကပြောပါတယ်။
“စစ်ရှောင်ကြတာဆိုတော့ သူတို့က ရွှေငွေတွေအကုန်ထည့်ပြီးလာတာလေ။ စစ်သားတွေ တောနင်းရှာနေတာနဲ့ တိုးပြီး ရွှေငွေတွေယူသွားတယ်။ စစ်သားတွေ ခြောက်ပစ်တဲ့အချိန်မှာလည်း အမျိုးသမီးတစ်ဦး ကျည်ရှထိဒဏ်ရာရထားတယ်”လို့ သူကအခုလိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူတွေအထဲမှာ အမျိုးသမီးတွေကိုတော့ ချက်ချင်းပြန်လွှတ်ပေးတာမျိုးရှိပြီး အမျိုးသား ၄၀ ကျော်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ အခုလက်ရှိအချိန်မှာတော့ ဒေသခံ ၈ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ အမျိုးသားရဲ့ပြောပြချက်အရ သိရပါတယ်။
“ဖမ်းခံရတဲ့ လူတွေက တော်တော်များတယ်။ အမျိုးသမီးတွေလည်းရှိတယ်။ အမျိုးသမီးတွေကိုတော့ ချက်ချင်းပြန်လွှတ်တယ်။ တောက်လျှောက်ဖမ်းလာတာ အမျိုးသား ၄၀ ကျော်လောက်ပါလာတယ်။ အခုတော့ ၈ ယောက်ကိုမလွှတ်ပေးသေးဘူး။ ကျန်တဲ့သူတွေတော့ ပြန်လွတ်လာပြီ” လို့ သူက ပြောပါတယ်။
အခုလက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေအနေနဲ့ နယ်မြေငြိမ်တဲ့နေရာတွေဆီ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်သားတွေက တောနင်းရှာဖွေနေတာ ဖြစ်တဲ့အတွက် တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲ နေထိုင်မရဲဖြစ်နေကြတယ်လို့ ရေဖြူမြို့နယ်အတွင်း စစ်ရှောင်အရေးကူညီပေးနေတဲ့ အမျိုးသမီးက ပြောပါတယ်။
“သူတို့က ဒီဘက်နယ်မြေနည်းနည်းငြိမ်တဲ့နေရာတွေမှာ ရှောင်နေကြတယ်။ တောတွေထဲ ရှောင်နေကြပေမယ့် အခုစစ်ကြောင်းက တောနင်းပြီးဖြဲဖြဲစင်ရှာနေတော့ စစ်ရှောင်တွေအတွက် တအားခက်ခဲတယ်။ သူတို့က သေနတ်အသံတွေကြားထဲ ပြေးကြရတယ်။ သူတို့ဆီကို သတင်းတွေလည်း ကောင်းကောင်းမရောက်တော့ ရမ်းသမ်းပြီး ပြေးရတယ်” လို့ သူကဆိုပါတယ်။
အဆိုပါ နဘုလယ်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ရေဖြူအခြေစိုက် ခမရ ၄၀၇၊ ကလိန်အောင်အဖြေစိုက် ခမရ ၄၀၈ နဲ့ ခလရ ၂၈၂ တပ်ရင်းတွေက ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ ဩဂုတ်လ ၈ ရက်နေ့ကတည်းက နဘုလည်ဒေသကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၈ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသအတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
အခုလက်ရှိ အခြေအနေမှာတော့ စစ်ကောင်စီတပ်သားတွေက ရေလိုင်ကျေးရွာကနေ ထွက်သွားပြီး ပုဂေါဇွန်းကျေးရွာထဲရှိ နေအိမ်တွေကို မွှေနှောက်ဖျက်စီးနေတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်မပြန်နိုင်သေးတဲ့ အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ရှောင်ပြည်သူတစ်ဦး ငှက်ဖျားမိပြီး ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီပေးနေတဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)