
ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ အင်းဇောက်ရွာလမ်းဆုံမှာ စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာပို့ရန်လာတဲ့ ကားတစ်စီးပစ်ခတ်ခံရပြီး အနီးအနားခြံထဲမှာရှိနေတဲ့ အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ဩဂုတ်လ ၆ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းရန် ကာကွယ်ရေးစခန်း(လားဘိုတောင်စခန်း)နဲ့ စမ်းလှမ်းတောင်ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းကို ရိက္ခာပို့ရန်လာတဲ့ ကားတစ်စီးကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားဆီးစစ်ဆေး တာကို ကားမရပ်ဘဲမောင်းပြေးခဲ့တာကြောင့် အနောက်ကလိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“ကားက Town Ace ကား။ စစ်တပ်ကားဆိုတာသတင်းရလို့ တားစစ်တာ မရပ်ပေးဘဲမောင်းပြေးတာ။ နောက်ကလိုက်ပစ်တော့ အင်းဇောက်ရွာလမ်းဆုံရောက်တဲ့အချိန်ကားက နားပြီး ကားမောင်း သမားတွေက အနီးကဘိလိယက်ဆိုင်ထဲကိုဝင်ပြေးခဲ့တယ်လို့” မျက်မြင်တွေ့ရှိတဲ့ ဒေသခံက ပြောပါတယ်။
ကားသမားနှစ်ဦးက ဆိုင်ရဲ့အနောက်ဘက်မှာရှိတဲ့ ရာဘာတောထဲကို ထွက်ပြေးလွတ်မြောက် သွားတယ်လို့သိရပါတယ်။ အဆိုပါ ကားသမားနှစ်ဦးကို လိုက်လံပစ်ခတ်ခဲ့ရာမှ ခြံထဲမှာရှိနေတဲ့ အသက် ၃၇ နှစ်ဝန်းကျင်အရွယ် ဦးမျိုးဇော်လတ်ဆိုသူ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံကိုဆက်ပြောပါတယ်။
“ဆိုင်ထဲကိုသူတို့ဝင်လာတဲ့အချိန် သူတို့က ပြေးပြေးဆိုပြီးအော်တော့ ကြောက်ပြီး အကုန်လုံးကရောပြီး လိုက်ပြေးကြတာ။ ပြေးတဲ့အချိန်အနောက်ကနေပြီး ပစ်လိုက်တာ လူမှားပြီးထိသွားတာ။ သေသွားတဲ့သူက သူ့ရွာကိုခဏပြန်လာတာ” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါပစ်ခတ်ခံရတဲ့အမျိုးသားက လောင်းလုံမြို့နယ် မြခါးပတ်ရွာဇာတိဖြစ်ပြီး ထားဝယ် အဝေးပြေးကားဂိတ်အနီးမှာ နေထိုင်သူဖြစ်တယ်လို့ ဒေသခံရဲ့ ပြောပြချက်အရသိရပါတယ်။
ပစ်ခတ်မှုအပြီး ညနေ ၆ နာရီလောက်မှာ ထားဝယ်ဘက် စစ်ကောင်စီတပ်ကား ၂ စီး အင်အား ၄၀ ဝန်းကျင်နဲ့ အခင်းဖြစ်ပွားတဲ့နေရာကိုရောက်ရှိလာပြီး ၂ နာရီကြာ စစ်ဆေးမှုတွေပြုလုပ်ကာ ပြည်သူတွေကို မေးမြန်းစစ်ဆေးတာနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ အင်းဇောက်ရွာက ဒေသခံအမျိုးသားကပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ မတော်တဆ ကျည်ထိမှန်သေဆုံးခဲ့တဲ့ ကိုမျိုးဇော်လတ်အတွက် တာဝန်ခံမှုအပြည့်နဲ့ တာဝန်ယူသွားမယ်လို့ LLPDF ရဲ့တာဝန်ရှိသူကပြောပါတယ်။
“လမ်းမှာတားစစ်တဲ့ရဲဘော်တွေကိုလည်း ကားနဲ့တိုက်ပြေးတာ။ ကိုမျိုးဇော်လတ်သေဆုံးမှုနဲ့ပတ်သတ်ပြီး ကျနော်တို့အပြည့်အဝတာဝန်ယူမှာပါ” လို့ သူကပြောပါတယ်။
ကျည်ထိသေဆုံးသွားတဲ့လူရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ ကျမတို့ People’s Radio Myanmar ကြိုးစားခဲ့ပေမယ့် အဆက်သွယ်မရခဲ့ပါဘူး။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်းအတွင်း အပြစ်မဲ့အရပ်သားပြည်သူ တစ်ရာကျော်ထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေပြောပြချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)