ဖမ်းဆီးခံထားရတဲ့ ကော့ကရိတ်မြို့က ဒေသခံ ၂၀ ဦးနီးပါး ၃ လကျော်ကြာတဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရသေး

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့လောက်ကစပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀ ဦး နီးပါး လက်ရှိအချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ ကို KNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ဒေသခံ အယောက် ၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တစ်ချို့သာ ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့မရဲစခန်းထဲမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရသူ ၂၀ ကျော်ရှိနေပြီး ၃ လ ကျော်ကြာတဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“စီရင်ချက်လည်းမချရသေးဘူး၊ မိသားစုနဲ့လည်း ပေးမတွေ့ဘူး၊ အစားစာလည်းပို့လို့မရဘူး၊ ဖမ်းထားတာ ၃ လကျော် ၄ လနီးပါးရှိနေပြီး၊ ဘာမှကိုပေးမတွေ့ဘူး” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးခံထားရသူတွေဆီကနေ ငွေညစ်တောင်းခံတာတွေပြုလုပ်နေပြီး ငွေမပေးနိုင်သူတွေကိုလည်း ဘားအံထောင်ကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“နယ်ပါပြောင်းပြီးပြီး၊ ထောက်ပို့ဆိုလို့၊ ငွေညစ်တာ မလိုက်လို့ ပုဒ်မ ၅၀၅ (ခ) ဆိုလားဘဲ၊ ဒီကော့ကရိတ်မှာမဟုတ်တော့ဘူး၊ ဘားအံထောင်ကိုပို့လိုက်တာ၊ စစချင်း ၁၀ သိန်းတောင်းတယ်၊ မလိုက်နိုင်လို့ပို့လိုက်တယ်၊ သူကချောင်းတောင်က” လို့ ဖမ်းဆီးခံရတစ်ဦးရဲ့ နီးစပ်သူဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်း ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်မှာ ပိုက်ဆံ သိန်း ၁၀၀ ပေးပြီး ပြန်လည်လွတ်မြောက်လာသူတွေရှိသလို တရားစွဲခံထားရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို နယ်မြေစိုးမိုးမှုရရှိနိုင်ရေးအတွက် မြို့အနီးတစ်ဝိုက်နဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ကော့ကရိတ်မြို့နယ်ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာလည်း တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Social Media

Phar Si Than (People’s Radio Myanmar)