မေ ၂၀ရက်၊ ၂၀၂၃ ခုနှစ်
ပအိုဝ်းနယ်မြေထဲကို ကျူးကျော်လာတဲ့ RCSS က PNLO တပ်စခန်းကို လာရောက်ချောင်မြောင်းပစ်ခတ်သဖြင့် ယနေ့မနက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PNLO က သတင်းထုတ်ပြန်သည်။
အင်အား ၁၀၀ ကျော်ခန့်ပါဝင်သည့် RCSS တပ်ဖွဲ့သည် ကားနှစ်စီးဖြင့် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာဖက်မှ လာရောက်ကာ PNLO တပ်စခန်းကို ယနေ့မနက် ၄း၃၀ ခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပါသည်။
ယင်းကဲ့သို့ လာရောက်ပစ်ခတ်မှုကြောင့် PNLO တပ်ဖွဲ့က ပြန်လည်ခုခံတိုက်ခိုက်ရာမှ မနက် ၇ နာရီခန့်တွင် RCSS သည် နမ့်ယမ် နှင့် လေခွင်ကျေးရွာဘက်သို့ ဆုတ်ခွါသွားခဲ့သည်။ လက်ရှိတွင် RCSS တပ်ဖွဲ့သည် ပအိုဝ်းကျေးရွာတွင်းသို့ ဝင်ရောက်တပ်စွဲနေပြီး ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်း သိရှိရသည်။
ထိုသို့ ဒေသခံများအား ရွာပြင်မပေးထွက်ပဲ ရွာအတွင်း စုစည်းထားခြင်းသည် RCSSမှ ပအိုဝ်းလူထုအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
RCSS သည် ပအိုဝ်းနယ်မြေထဲသို့ ကျူးကျော်လာပြီး PNLO တပ်စခန်းအား လာရောက်တိုက်ခိုက်ခြင်း တောင်ယာများအတွင်း မိုင်းများထောင်ထားခြင်းကြောင့် လူထုများလည်း ကြောက်လန့်နေရလျက်ရှိသည်။
RCSS ထောင်ထားသည့် မိုင်းကို နင်းမိသဖြင့် ကဒူးကြီးဒေသ ရန်ကင်းကျေးရွာမှ လသားကလေးငယ်အပါအဝင် ဒေသခံသုံးဦးမှာ ဆေးဝါးကုသမှုခံယူနေရလျက်ရှိသည်။