စစ်ကောင်စီတပ်အထိုင်ချထားတဲ့ တံခွန်တိုင်ရဲစခန်း မကြာခဏဒရုန်းနဲ့ဗုံးကြဲခံနေရ

ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုရှိ စစ် ကောင်စီတပ် အထိုင်ချထားတဲ့ တံခွန်တိုင်ရဲစခန်း မကြာခဏ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ် ငြိမ်းချမ်းမြိုင် (စိတ္တသုခဘုန်းကြီးကျောင်း)တောင်ပေါ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တံခွန်တိုင်ရဲစခန်းဘက်ကို ဒရုန်းနဲ့ ဗုံးကြဲသံတွေမကြာခဏ ကြားနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“စခန်းဘက်ကိုပစ်နေရင် ဒိုင်လွတ် ကမော့ဝမ်းဘက်ထိကြားရတယ်ရဲစခန်းဘက်ကို သွားသွား ပြီးထုတာ ငြိမ်းချမ်းမြိုင်တကြောလည်း ထုနေတာပဲ အခုတော့အသံငြိမ်ရဲစခန်း ဘက်ပဲပြောနေကြတာ ဒရုန်း ၅ ကြိမ်ရှိပြီးပစ်နေတာကရင်ဘက်ကပဲ ရဲစခန်းဘက်ကို ၂၁ ရက်နေ့ကလဲ ၃ ကြိမ်ရဲစခန်းဘက်ကို ဒရုန်းနဲ့ပစ်တာ” လို့ ဇူလိုင်လ ၂၄ ရက်နေ့မှာသူကပြောပါတယ်။

ဒါ့အပြင် အခုလိုရဲစခန်းအနီးတဝိုက်ဒရုန်းနဲ့ ဗုံးကြဲခိုက်သံတွေကြားနေရပေမဲ့ ရဲစခန်းအနီး အသွားအလာ မပြုလုပ်တာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“အသံတော့ကြားတယ် တစ်ခါတစ်လေတစ်ချက်တစ်ချက်ဘယ်သူက ဘယ်သူကို ပစ်လဲတော့မသိ အဲ့အနားဝန်းကျင်လဲ ဘယ်သူမှမသွားအိမ်တွေလဲ လူမရှိဘူးကြာနေပြီး ပြောင်းနေကြတာ စခန်းနားလို့တော့ ထင်တာပဲအတိအကျတော့ ဘယ်သူမှသိမှာမဟုတ်ဘူးဘယ်သူမှ အသွားအလာ မရှိကြလို့” လို့ သူကပြောပါတယ်။

စစ်ကောင်စီတက်စွဲထားတဲ့ ရဲစခန်းတွေဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပေမဲ့ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း အခုအချိန်အထိ နယ်မြေစိုးမိုးမထားဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကနေ ကျေးရွာဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းပြောပါတယ်။

“စစ်ကောင်စီကတော့ ရံဖန်ရံခါ အဘစ်အမြောက်တပ်ကနေ သူတို့ ၁၂၂ မမ ဟောင်ဝစ်ဇာ နဲ့ ဒီဘက်က ရွာတွေကို ပစ်တယ်ပေါ့ နယ်မြေစိုးမိုးမှုကတော့ ရှိနေတုန်းပါပဲ”လို့သူကပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်နဲ့ နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးလ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ပုလိန်၊ တံခွန်တိုင်၊ ခလယ်ကျေးရွာက ဒေခံ၂၀၀၀ ဝန်းကျင်မှာလည်း အနီးအနားကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြပြီး နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေတဲ့အချိန်မှာ ကျေးရွာအတွင်း ခဏတာပြန်လည်နေထိုင်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ရဲစခန်းဝန်း၊ စစ်ဆေးရေးဂိတ်နဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံနေရသလို ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည့် ၁၂ နာရီဝန်းကျင် အချိန်မှာလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က တောင်ကလေးရဲစခန်း ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)