
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ရေးတင်းမာမှုကြောင့် ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်ရှိ နေရပ်ပြန်စစ်ရှောင်တွေက ထပ်မံစစ်ဘေးတိမ်းရှောင်ရမှာကို စိုးရိမ်နေကြကြောင်းကို ဒေသခံများထံမှ သိရပါတယ်၊၊
အဆိုပါနေရပ်ပြန်စစ်ရှောင်တွေက ၂၀၂၃ ခုနှစ် မတ်လ မှ စတင်ကာ နေရပ်ကိုတရားဝင်ပြန်လာနေထိုင်ကြသူများဖြစ်ကြပြီး ဒဘတ်ယန်၊ဂါးရာယန်၊ကဇူးယန် ကျေးရွာများ အနီးမှာ တိုက်ပွဲများဖြစ်ပွားနေတာကြောင့် နောက်တစ်ကြိမ် နေရပ်ကိုထားပြီး စစ်ဘေးတိမ်းရှောင်ရမှာကို မလိုလားကြောင်း ဒေသခံ အမျိုးသမီးတဦးက ဆိုပါတယ်၊၊
“ အကုန်နေသားတကျ ဖြစ်ခါနီးမှာ အခုပဲ ပြန်ထပြေးရမလို ဖြစ်နေပြန်ပြီ၊တောင်ယာလုပ်ထားတဲ့ဟာတွေလဲ တန်းလန်း၊ထပ်ပြီး မပြေးချင်တော့ဘူး၊ထပ်ပြီး နေရပ်ကို စွန့်သွားရင်လည်း နေရပ်ကို ပြန်မပေးတော့ဘူးပြော နေကြတယ် ” လို့ သူက ပြောပါတယ်။
ထပ်မံတိမ်းရှောင်ရမယ်ဆိုပါက အနီးနားရွာက လုံခြုံတဲ့နေရာမှာ အားလုံးစုဖို့ တိုင်ပင်ထားကြောင်းကိုလဲ ဒဘတ်ယန်ကျေးရွာမှ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်၊၊
“ တကယ်လို့ တိုက်ပွဲတွေဒီထက်မက ပြင်းထန်လာရင် ကျနော်တို့တွေ လုံခြုံတဲ့ တနေရာ ဘုရားကျောင်းလိုနေရာမှာဖြစ်ဖြစ် အနီးနားက ရွာကလူတွေစုပြီး ရှောင်ဖို့အတွက်တော့ ပြင်ထားတယ်၊ကြိုတင်ပြင်ဆင်မှုပေါ့ဗျာ ” လို့ ဆိုပါတယ်၊၊
အဆိုပါကျေးရွာတွေက တိုက်ပွဲများ ဆက်လက်ပြင်းထန်လာရင် ဒေသခံများအန္တရာယ် ဖြစ်လာနိုင်တဲ့အတွက် ရပ်မိရပ်ဖတွေစုပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရကြောင်း သိရပါတယ်၊၊ ရွှေညောင်ပင်အထွက်စစ်ကောင်စီ ထိုင်တဲ့ ၃၂၁ တပ်ရင်းအပြင် ဂါးရာယန် မရောက်ခင်မှာ တပ်စခန်း တစ်ခု ရှိတဲ့အတွက် ပိတ်မိမှာကို စိုးရိမ်တာကြောင့် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားရကြောင်း သိရပါတယ်။
ဒဘတ်ယန်၊ဂါးရားယန်၊ကဇူးယန် ကျေးရွာတွေက ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာတွေဖြစ်ပါတယ်၊၊
သတင်း – ယပလက်
စာမူတည်းဖြတ် – ဒီပါ
သတင်းဓာတ်ပုံ – ယပလက်
#manauvoice
#နေရပ်ပြန်စစ်ရှောင်များ